ထိုနောက်မှ ကောင်းကင်တမန် တစ်ပါးသည် ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။- သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။- အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသောစပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။ အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲက ထွက်ကြလော့။- သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။- သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဖို့ နှစ်ဆတိုး၍ လောင်းကြလော့။- သူသည် ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။- ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသခင်သည် ခွန်အားဗလ ကြီးတော်မူ၏။ မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်းလောင်ရာ မီးခိုးကို မြင်သောအခါ၊- သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တစ်နာရီချင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။- လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊- ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊- သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တစ်ဖန် မဝယ်ရ။- သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တစ်ဖန် မတွေ့ရ။- သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊- ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊- ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တစ်နာရီချင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍- သူကျွမ်းလောင်ရာ မီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍လည်းကောင်း၊- ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကိုပိုင်သော သူအပေါင်းတို့အား ကိုယ်စည်းစိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တစ်နာရီချင်းတွင် ပျက်စီးပါပြီ တကားဟူ၍လည်းကောင်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။- ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်၊ ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင်တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။
ဗျာဒိတ် 18 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 18
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 18:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ