ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။- ထိုသားရဲသည်လည်း ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကိုလည်းကောင်း၊ ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။- ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကိုလည်းကောင်း၊ ကောင်းကင်သားတို့ကိုလည်းကောင်း၊ ပြစ်မှားခြင်းငှာ နှုတ်ကိုဖွင့်ထား၏။- သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်းရ၏။- ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။- နားရှိသောသူမည်သည်ကား ကြားပါစေ။- သူတစ်ပါးကို ဖမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဖမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ဓားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ဓားဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာအကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။ အခြားသော သားရဲတစ်ကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။- ထိုသားရဲသည် သူ့အရင်ဖြစ်သော ပထမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက် ပျောက်ခဲ့ပြီးသော ပထမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှာ ပြု၏။- ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။- ပထမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ဓားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှာ မြေကြီးသားတို့ကို မှာထား၏။- သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူ ရှိသမျှတို့ကို သတ်ခြင်းငှာ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။- ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ် ရှိသမျှတို့သည် လက်ယာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှာလည်းကောင်း၊- ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကို မခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။- ဤအရာ၌ ပညာရှိ၏။ ဉာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။
ဗျာဒိတ် 13 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 13:4-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ