ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကိုမဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။ သူတို့သည် အသားဖြစ်ကြောင်းကိုလည်းကောင်း၊ စုတေ၍ နောက်တစ်ဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကိုလည်းကောင်း အောက်မေ့တော်မူ၏။ သူတို့သည် ကိုယ်တော်ကိုတော၌ပုန်ကန်၍၊ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဖွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။ ဘုရားသခင်ကိုအဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား။ တန်ခိုးတော်ကိုလည်းကောင်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကိုလည်းကောင်း မအောက်မေ့ကြ။ အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကိုလည်းကောင်း၊ ဇောနအရပ်၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ပြုတော်မူ၏။ ထိုပြည်သားတို့သည် ရေမသောက်ရမည်အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။ သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကိုလည်းကောင်း၊ ဖျက်ဆီးတတ်သော ဖားတို့ကိုလည်းကောင်း စေလွှတ်တော်မူ၏။ သူတို့၏မြေအသီးအနှံကို ခါသိလကျိုင်းတို့အားလည်းကောင်း၊ သူတို့လုပ်၍ရသောဥစ္စာကို အရာဘကျိုင်းတို့အားလည်းကောင်း ပေးတော်မူ၏။ သူတို့စပျစ်နွယ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့သဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။ သူတို့၏သိုးနွားများကို မိုးသီး၌လည်းကောင်း၊ ပြုစုသောတိရစ္ဆာန်များကို မီး၌လည်းကောင်း အပ်တော်မူ၏။ အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသောတမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏။ အမျက်တော်ဖို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှာ ကာလနာသို့ အပ်နှံသဖြင့်၊ အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကိုလည်းကောင်း၊ ဟာမသားတို့နေရာအရပ်၌ အထွတ်အမြတ်များကိုလည်းကောင်း ဒဏ်ခတ်တော်မူ၏။
ဆာလံ 78 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 78:38-51
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ