အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှာ၊ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှာ ဆေးကြောတော်မူပါ။ စိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကို အကျွန်ုပ်အား ကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။ အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာတော်ကိုလွှဲ၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။ အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားလမ်းကို ပြသသွန်သင်ပါမည်။ အပြစ်ရှိသောသူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
ဆာလံ 51 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 51:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ