YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 31:12-24

ဆာလံ 31:12-24 JBMLE

မ​အောက်​မေ့​သော​အ​သေ​ကောင်​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မေ့​လျော့​ကြ​ပါ၏။ အိုး​ခြမ်း​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ​ပါ၏။ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း​ရှိ​ပါ၏။ လူ​များ​တို့​သည် အ​ချင်း​ချင်း​သင်း​ဖွဲ့​လျက်၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​မည်​အ​ကြောင်း ကြံ​စည်​ကြ​ပါ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​လျှောက်​ဆို​ပါ၏။ အ​ကျွန်ုပ်၌​ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​တော်​စီ​ရင်​ပိုင်​တော်​မူ၏။ ရန်​သူ​တို့​နှင့် ညှဉ်း​ဆဲ​တတ်​သော သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်၌ ထွန်း​လင်း​စေ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကြောင့်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း မ​ရှိ​ပါ​စေ​နှင့်။ လူ​ဆိုး​တို့​မူ​ကား၊ အ​ရှက်​ကွဲ​လျက် မ​ရ​ဏ​နိုင်​ငံ၌ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။ မာ​န​ထောင်​လွှား​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် တ​ကွ၊ ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ စော်​ကား​သော​စ​ကား​ကို​ပြော၍၊ မု​သား၌​ကျင်​လည်​သော နှုတ်​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​အ​ဖို့ သို​ထား​တော်​မူ၍၊ လူ​သား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ခို​လှုံ​သော သူ​တို့​အ​ဖို့ ပြု​ပြင်​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​လှ​ပါ၏။ လူ​တို့​ပြု​တတ်​သော​ပ​ရိ​ယာယ်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​တွင်း​အ​ရပ်၌ ထို​သူ​တို့​ကို ဝှက်​ထား​တော်​မူ​၏။ ရန်​တွေ့​ခြင်း​အ​သံ​ကို​ကွယ်​ကာ​လျက်၊ တဲ​တော်​တွင် သူ​တို့​ကို စောင့်​မ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၌ မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ခိုင်​ခံ့​သော​မြို့၌ အံ့ဖွယ်​သော​မေ​တ္တာ က​ရု​ဏာ​တော်​ကို အ​ကျွန်ုပ်​အား​ထင်​ရှား​ပြ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​မျက်​နှာ​ကွယ်​ရာ၌ ဆုံး​ရှုံး​ပါ​ပြီ​ဟု အ​ကျွန်ုပ်​တုန်​လှုပ်​လျက်​ဆို​မိ​သော်​လည်း၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​စ​ကား​သံ​ကို ကိုယ်​တော် နား​ထောင်​တော်​မူ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​စ္စာ​ရှိ​သော​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို​ကား၊ အ​ပြစ်​များ​စွာ ဆပ်​ပေး​တော်​မူ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။