ဆာလံ 2
2
ဘုရားသခင်ရွေးချယ်တော်မူသောဘုရင်
1လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ 2လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက်၊#တ၊ ၄:၂၅-၂၆။ 3သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ဟု သင်းဖွဲ့ကြ၏။
4ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကိုကဲ့ရဲ့တော်မူ၏။ 5ထိုအခါ အမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော်မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်။ 6ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်။
7ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ။#တ၊ ၁၃:၃၃၊ ဟေဗြဲ၊ ၁:၅၊ ၅:၅။ 8ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။ 9သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။#ဗျာ၊ ၂:၂၆-၂၇၊ ၁၂:၅၊ ၁၉:၁၅။
10သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။ 11ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ 12သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.