ဆာလံ 116
116
သေဘေးမှလွတ်မြောက်သူ၏ချီးမွမ်းခြင်း
1ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကို ကြား၍၊ 2ငါ့ဘက်သို့ နားတော်ကို လှည့်တော်မူသောကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပတ္ထနာပြုမည်။ 3သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ 4ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 5ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ၏။ 6ထာဝရဘုရားသည် ရိုးသားသူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။ 7အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။ 8ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှလည်းကောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှလည်းကောင်း ကယ်လွှတ်တော်မူပြီ။ 9သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
10ငါသည် အလွန်ညှိုးငယ်ခြင်းကိုခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သောစိတ်ရှိသေး၏။#၂ကော၊ ၄:၁၃။ 11လူအပေါင်းတို့သည် မုသားကိုသုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။ 12ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။ 13ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။ 14ထာဝရဘုရားအား သစ္စာကတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။ 15ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏။ 16အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။ 17ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။ 18ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း၊ 19အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရဘုရား၏ အိမ်တော်တံတိုင်းအတွင်းတွင်၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 116: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.