YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 109

109
ဒု​က္ခ​ရောက်​သူ​တစ်​ဦး​၏​ဆု​တောင်း
1အ​ကျွန်ုပ်​ချီး​မွမ်း​သော ဘု​ရား​သ​ခင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ 2မ​တ​ရား​သော​သူ​နှင့် သ​စ္စာ​ပျက်​သော သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်၍၊ မု​သား​စ​ကား​ကို ပြော​ဆို​ကြ​ပါ၏။ 3မ​နာ​လို​သော​စိတ်​နှင့် စ​ကား​ပြော​လျက်၊ အ​ကျွန်ုပ်​ကို​ဝိုင်း၍ အ​ကြောင်း​မ​ရှိ​ဘဲ စစ်​တိုက်​ကြ​ပါ၏။ 4အ​ကျွန်ုပ်၏​မေ​တ္တာ​အ​တွက် သူ​တို့​သည် ရန်​ဘက်​ပြု​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ပ​တ္ထ​နာ​ပြု​လျက်​နေ​ပါ၏။ 5အ​ကျွန်ုပ်​ပြု​သော​ကျေး​ဇူး​အ​တွက် မ​ကောင်း​သော​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မေ​တ္တာ​အ​တွက် မုန်း​ခြင်း​ကို​လည်း​ကောင်း ဆပ်​ပေး​ကြ​ပါ၏။
6ထို​သို့​သော​သူ၏​အ​ပေါ်​မှာ မ​တ​ရား​သော​သူ​ကို ခန့်​ထား​တော်​မူ​ပါ။ သူ၏​လက်​ယာ​နား​မှာ ရန်​သူ​နေ​ပါ​စေ။ 7သူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရာ​တွင် ရှုံး​ပါ​စေ။ သူ​ပြု​သော​ပ​တ္ထ​နာ​သည် ပြစ်​မှား​ခြင်း​ဖြစ်​ပါ​စေ။ 8သူ၏​အ​သက်​တို​ပါ​စေ။ သူ၏​အ​ရာ​ကို​လည်း အ​ခြား​သူ​ရ​ပါ​စေ။#တ၊ ၁:၂၀။ 9သူ၏​သား​တို့​သည် ဘ​သား​ဆိုး၊ မ​ယား​လည်း မု​ဆိုး​မ​ဖြစ်​ပါ​စေ။ 10သူ၏​သား​တို့​သည် အ​ရပ်​ရပ်​လည်၍ သူ​တောင်း​စား​ဖြစ်​ကြ​ပါ​စေ။ ပျက်​စီး​သော မိ​မိ​တို့​နေ​ရာ​များ​မှ​ထွက်၍၊ အ​စာ​ကို​ရှာ​ကြ​ပါ​စေ။ 11သူ၌​ရှိ​သ​မျှ​ကို ကြွေး​ရှင်​သိမ်း​ယူ​ပါ​စေ။ သူ​လုပ်၍​ရ​သော ဥ​စ္စာ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​လု​ယူ​ပါ​စေ။ 12သူ၌​ကျေး​ဇူး​ပြု​သော​သူ၊ သူ၏​ဘ​သား​ဆိုး​တို့​ကို ကယ်​မ​သ​နား​သော​သူ တစ်​ယောက်​မျှ မ​ရှိ​စေ​နှင့်။ 13သူ၏​အ​နွယ်​သည် ပြတ်​ပါ​စေ။ လူ​မျိုး​ဆင်း​သက်၍ တစ်​ဆက်​တည်း​တွင်၊ သူ​တို့၏​နာ​မည်​သည် ကျေ​ပျောက်​ပါ​စေ။ 14သူ့​ဘိုး​ဘေး​တို့၏​ဒု​စ​ရိုက်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သ​တိ​ရ​တော်​မူ​ပါ​စေ။ သူ့​အ​မိ၏​အ​ပြစ်​သည် မ​ဖြေ​ပါ​စေ​နှင့်။ 15ထို​ဒု​စ​ရိုက်​အ​ပြစ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အ​စဉ်​အ​မြဲ​ထင်​ရှား၍၊ မြေ​ကြီး​ပေါ်​မှာ ထို​သူ​တို့​ကို အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ၊ ပယ်​ရှင်း​တော်​မူ​ပါ​စေ။ 16အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ကယ်​မ​သ​နား​ခြင်း​ငှာ သ​တိ​မ​ရှိ။ ဆင်း​ရဲ​ငတ်​မွတ်၍ စိတ်​ပျက်​သော​သူ​ကို သေ​စေ​သည်​တိုင်​အောင် ညှဉ်း​ဆဲ​ပြီ။ 17သူ​သည် ကျိန်​ဆဲ​ခြင်း​ကို နှစ်​သက်​သည်​နှင့်​အ​ညီ၊ သူ့​အ​ပေါ်​သို့ ရောက်​ပါ​စေ။ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လို​မ​ရှိ​သည်​အ​တိုင်း သူ​နှင့်​ဝေး​ပါ​စေ။ 18အ​ဝတ်​ကို​ဝတ်​သ​ကဲ့​သို့ ကျိန်​ဆဲ​ခြင်း​ကို ဝတ်​ရ​ပါ​စေ။ ရေ​ကဲ့​သို့ သူ၏​ဝမ်း​ထဲ​သို့​လည်း​ကောင်း၊ ဆီ​ကဲ့​သို့ သူ၏​အ​ရိုး​ထဲ​သို့​လည်း​ကောင်း ဝင်​ပါ​စေ။ 19သူ၏​ကိုယ်​ကို​ခြုံ​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ခါး၌ အ​စဉ်​စည်း​သော ခါး​စည်း​ကဲ့​သို့​လည်း​ကောင်း သူ၌​ဖြစ်​ပါ​စေ။ 20ငါ၏​ဝိ​ညာဉ်​တစ်​ဖက်၌ မ​ကောင်း​သော​စ​ကား​ကို ပြော​တတ်​သော ငါ၏​ရန်​သူ​တို့​သည် ထို​သို့​သော အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ခံ​ရ​ကြ​ပါ​စေ။
21အို​ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​အ​တွက်​ကြောင့် အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကောင်း​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ 22အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ အ​ကျွန်ုပ်​အ​ထဲ၌ နှ​လုံး​နာ​လျက်​ရှိ​ပါ၏။ 23ရှည်​လျား​သော​အ​ရိပ်​ကဲ့​သို့ အ​ကျွန်ုပ်​ရွေ့​သွား​ပါ၏။ ကျိုင်း​ကောင်​ကဲ့​သို့ လှုပ်​ရှား​လျက်​ရှိ​ပါ၏။ 24အ​စာ​မ​စား​ဘဲ နေ​ရ​သော​ကြောင့်၊ ဒူး​ဆစ်​နုန့်​နဲ့၍ အ​သား​လည်း​လျော့​ပါ၏။ 25အ​ကျွန်ုပ်​သည်​လည်း သူ​တစ်​ပါး​တို့ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ဖြစ်၍၊ သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်​သော​အ​ခါ၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။#မ၊ ၂၇:၃၉။ မာ၊ ၁၅:၂၉။ 26အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို မ​စ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင် ကယ်​တင်​တော်​မူ​ပါ။ 27ထို​အ​မှု​သည် တန်​ခိုး​တော်​ကြောင့်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​စီ​ရင်​တော်​မူ​သည်​ဟု ထို​သူ​တို့​သည် သိ​ကြ​ပါ​စေ​သော။ 28ထို​သူ​တို့​သည် ကျိန်​ဆဲ​သော်​လည်း၊ ကိုယ်​တော်​မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ထ​သော​အ​ခါ အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ ဝမ်း​မြောက်​ပါ​စေ​သော။ 29အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ရှက်​ကြောက်​ခြင်း အ​ဝတ်​ကို​ဝတ်၍၊ စောင်​နှင့်​ခြုံ​သ​ကဲ့​သို့၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​ကြ​ပါ​စေ​သော။ 30အ​ကျွန်ုပ်​သည်​နှုတ်​မြွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို အ​လွန်​ချီး​မွမ်း​ပါ​မည်။ များ​စွာ​သော​သူ​တို့​အ​လယ်​မှာ ချီး​မွမ်း​ပါ​မည်။ 31အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သော​သူ၏​ဝိ​ညာဉ်​ကို အ​ပြစ်​စီ​ရင်​သော သူ​တို့၏​လက်​မှ ကယ်​တင်​ခြင်း​ငှာ၊ သူ၏​လက်​ယာ​ဘက်​မှာ​ရပ်၍ နေ​တော်​မူ​တတ်၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 109: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။