ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။ ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ၏။ ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။ မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။ ဖြောင့်မတ်သောသူ၏အိမ်၌ များစွာသော စည်းစိမ်ရှိ၏။ မတရားသောသူခံရသောအခွန်မူကား၊ များစွာသော နှောင့်ယှက်ခြင်းနှင့်ယှဉ်၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။ မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသောပတ္ထနာကိုကား၊ နှစ်သက်တော်မူ၏။ မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းတရားလမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။ လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကိုမုန်းသောသူသည် သေရမည်။ မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် ထာဝရဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏နှလုံးသည် သာ၍ထင်ရှား၏။ မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။ ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။ ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။ ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသော စိတ်နှလုံးမူကား၊ အစဉ်အမြဲ ခံရသောပွဲဖြစ်၏။ နှောင့်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော ဥစ္စာအနည်းငယ်သည် သာ၍ကောင်း၏။ ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထားသောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။
သုတ္တံ 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 15:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ