ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကိုရတတ်၏။ သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။ မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာအတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွားလော့။ ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။ မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီလေးစားပြုကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြ၏။ စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။ လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့်တတ်၏။ စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတစ်ပါး မုန်းလိမ့်မည်။ ဉာဏ်တိမ်သောသူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
သုတ္တံ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 14:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ