နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။ အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။ စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။ ဖြောင့်မတ်သောသူ၏ လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏ နှလုံးမူကား အဖိုးမထိုက်။ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။ ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။ မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။ မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင်ပေးတော်မူမည်။ မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။ ပုံးရည်သည် သွား၌လည်းကောင်း၊ မီးခိုးသည် မျက်စိ၌လည်းကောင်းဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ ဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။ ဖြောင့်မတ်သောသူ၏မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။ ထာဝရဘုရား၏တရားလမ်းသည် ဖြောင့်မတ်သောသူ ခိုင်ခံ့ခြင်းအကြောင်းဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်မပြတ် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။ ဖြောင့်မတ်သောသူ၏နှုတ်မှ ပညာစကား ထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား၊ အဖြတ်ခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဖွယ်သောအရာကို သိကျွမ်းတတ်၏။ မတရားသောသူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ်ကြ၏။
သုတ္တံ 10 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 10:17-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ