ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်းထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ ငါသည် ဆုတောင်းပတ္ထနာပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဖို့ကို အစဉ် ဆုတောင်းပတ္ထနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။- ရှိသမျှသောသင်တို့၏ အမှုအရာ၌ ဤသို့ ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်လည်းကောင်း၊ ဧဝံဂလိတရားဘက်၌ သက်သေခံ၍ ထိုတရားကို တည်စေသော်လည်းကောင်း၊ သင်တို့ကို အောက်မေ့၏။- ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။- ငါသည် အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊- မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကိုလည်းကောင်း၊- ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကိုလည်းကောင်း၊ ငါဆုတောင်း ပတ္ထနာပြု၏။ ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစုရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာ ငါအလိုရှိ၏။- ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည်၊ နန်းတော်၌ အနှံ့အပြားထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။- သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ်တရားတော်ကို သာ၍ ဟောပြောဝံ့ကြ၏။- လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။- ငါသည် ဧဝံဂေလိတရားကို ထောက်မဖို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။- ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။ သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။- အဘယ်သို့နည်း ဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊ ယခုပင် ထင်ရှားတော်မူမည်ဟု ငါမျှော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။
ဖိလိပ္ပိ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ဖိလိပ္ပိ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဖိလိပ္ပိ 1:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ