တောလည်ရာ 21
21
ခါနာန်အမျိုးသားကိုအောင်မြင်ခြင်း
1ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးသိမ်းသွားလေ၏။#တော၊ ၃၃:၄၀။ 2ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာကတိပြုလေ၏။ 3ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
ကြေးဝါမြွေရုပ်
4ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှာ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊#တရား၊ ၂:၁။ 5သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။ 6ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့်သေကြ၏။#၁ကော၊ ၁၀:၉။ 7ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။ 8ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ 9မောရှေသည် ကြေးဝါဖြင့်မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။#၄ ရာ၊ ၁၈:၄၊ ယော၊ ၃:၁၄။
မောဘသို့ခရီးဆက်ခြင်း
10တစ်ဖန် ဣသရေလအမျိုးသားတို့သည် နေရာပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။ 11ဩဗုတ်အရပ်မှပြောင်းပြန်၍၊ နေထွက်ရာဘက်၊ မောဘပြည်ရှေ့တွင်ရှိသောတောမှာ၊ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။ 12ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စခန်းချကြ၏။ 13ထိုအရပ်မှတစ်ဖန် ပြောင်းပြန်၍၊ အာမောရိပြည်နယ်နှင့်စပ်သော တော၌ရှိသော အာနုန်ချောင်းနားတစ်ဖက်တစ်ချက်၌ စခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြား အပိုင်းအခြားဖြစ်သတည်း။ 14ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊ 15အာရပြည်သို့စီး၍ မောဘပြည်အနား၌ လျှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။ 16အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကိုစုဝေးစေလော့၊ ရေကိုငါပေးမည်ဟု မောရှေအားမိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ်သတည်း။ 17ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက်လော့။ ထွက်အောင် သီချင်းဆိုကြလော့။ 18တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကိုတူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝှေးတို့နှင့် ရေတွင်းကိုတူးကြပြီဟု သီချင်းဆိုလေ၏။ 19ထိုတောမှ မတ္တနာအရပ်သို့လည်းကောင်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊ 20ဗာမုတ်အရပ်မှ မောဘချိုင့်သို့လည်းကောင်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့လည်းကောင်း ခရီးသွားကြ၏။
ရှိဟုန်မင်းကိုအောင်ခြင်း
(တရား၊ ၂:၂၆-၃၇)
21ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာမောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊ 22အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာသို့လည်းကောင်း၊ စပျစ်ဥယျာဉ်သို့လည်းကောင်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကိုမလွန်မီတိုင်အောင်၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။ 23ထိုပြည်အလယ်၌ လျှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကို ဆီးတားခြင်းငှာ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။ 24ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ဓားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်လည်းကောင်း၊ ထိုမင်းပိုင်သောမြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာနယ်စပ်ကား အားကြီး၏။ 25ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှတို့ကို သိမ်းယူ၍နေကြ၏။ 26ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသော အာမောရိရှင်ဘုရင်ရှိဟုန်မင်းနေသောမြို့ဖြစ်သတည်း။ 27ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တစ်ဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။ 28ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။ 29အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှာ၊ ထိုဘုရားသည် အခွင့်ပေးပြီတကား။#ယေ၊ ၄၈:၄၅-၄၆။ 30တစ်ဖန်ငါတို့သည် အာမောရိသားတို့ကို တိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင် ပျက်လေပြီ။ မေဒဘမြို့နှင့်နီးစပ်သော နောဖာမြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
ဗာရှန်မင်းကိုအောင်ခြင်း
(တရား၊ ၃:၁-၁၁)
31ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိပြည်၌ နေရကြ၏။ 32မောရှေသည်လည်း၊ ယာဇာမြို့ကိုစူးစမ်းခြင်းငှာ လူကိုစေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကိုသိမ်းယူ၍ အရင်နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33တစ်ဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှာ ချီသွား၏။ 34ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကိုလည်းကောင်း၊ သူ၏မြေကိုလည်းကောင်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်းပြုရမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ 35ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တစ်ယောက်မျှမကြွင်းလုပ်ကြံ၍ သူ၏ပြည်ကိုသိမ်းယူကြ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာ 21: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.