နေဟမိ 5
5
ဆင်းရဲသူများကိုဖိနှိပ်မှု
1ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။ 2အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟု ဆိုကြ၏။ 3အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။ 4အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိစေခြင်းငှာ လယ်ယာဥယျာဉ်အတွက် ငွေကိုချေးယူပြီ။ 5ယခုမှာ ငါတို့ကိုယ်ခန္ဓာသည် အမျိုးသားချင်းတို့၏ ကိုယ်ခန္ဓာကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ ဖြစ်ကြ၏။ ငါတို့သားသမီးကို ရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှာ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတစ်ပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။ 6ထိုသို့ အပြစ်တင်မြည်တမ်းသော စကားကို ငါသည်ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊ 7မှူးမတ်နှင့် မင်းအရာရှိတို့ကို ခေါ်၍၊ သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တစ်ဖက်၌ လူအများတို့ကို စုဝေးစေလျက်၊#ထွ၊ ၂၂:၂၅၊ ဝတ်၊ ၂၅:၃၅-၃၇၊ တရား၊ ၂၃:၁၉-၂၀။ 8တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံသော ငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တစ်ဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာ နေကြ၏။ 9ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ ရန်သူဖြစ်သော တစ်ပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ်လော။ 10ငါနှင့် ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစားသောအမှုကို ပယ်ဖြတ်ကြပါလော့။ 11ယနေ့ပင် သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကိုလည်းကောင်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကိုလည်းကောင်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊ 12သူတို့က ပြန်ပေးပါမည်။ ဘာမျှ မတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ကတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကိုခေါ်၍ ကျိန်ဆိုစေပြီးမှ၊
13ကိုယ်ခါးပိုက်ကို ခါလျက်၊ ကတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော်ထဲက ဤသို့ ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါပစ်လိုက်ခြင်းကို ခံရကြပါစေသောဟုဆို၍ စည်းဝေးသောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ကတိထားသည်အတိုင်း ပြုကြ၏။
နေဟမိ၏စိတ်ထား
14ထိုမှတစ်ပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံ နှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ်တိုင်အောင်၊ တစ်ဆယ်နှစ်နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။ 15အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ်ရည်ကိုလည်းကောင်း၊ တစ်နေ့လျှင် ငွေလေးဆယ်ကိုလည်းကောင်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့ မပြု။ 16ထိုမှတစ်ပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍ နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်းအမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။ 17ထိုမှတစ်ပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့လာသော တစ်ပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့နှင့် မင်းအရာရှိ တစ်ရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။ 18နေ့တိုင်း ငါ့စားပွဲကို နွားတစ်ကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက်တစ်ခါ များစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက် ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ရိက္ခာကို ငါမတောင်း။ 19အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဖို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။
လက်ရှိရွေးချယ်ထားမှု
နေဟမိ 5: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.