ထိုအခါ စုဝေးသောသူအလွန်များ၍ စားစရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊- ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာအလျှင်း မရှိ။- အချို့တို့သည် အဝေးကလာသည်ဖြစ်၍၊ အစာမစားမီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြလိမ့်မည်ဟု မိန့်တော်မူ၏။- တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊- ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။- ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည် ထည့်ကြ၏။- အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှာ မိန့်တော်မူ၏။- ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။- စားသောသူ အရေအတွက်ကား၊ လူလေးထောင်မျှလောက် ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊- တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ချင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမပြရဟု မိန့်တော်မူပြီးလျှင်၊- ထိုသူတို့ ရှိရာမှထွက်၍ တစ်ဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတစ်ဖက်သို့ ပြန်တော်မူ၏။ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှာ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တစ်လုံးတည်းသာ ရှိ၏။- ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။- တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံး မိုက်သေးသလော။- မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။- မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။
ရှင်မာကု 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 8:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ