ရှင်မာကု 8:1-21
ရှင်မာကု 8:1-21 Judson Bible (JBMLE)
ထိုအခါ စုဝေးသောသူအလွန်များ၍ စားစရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊- ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာအလျှင်း မရှိ။- အချို့တို့သည် အဝေးကလာသည်ဖြစ်၍၊ အစာမစားမီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြလိမ့်မည်ဟု မိန့်တော်မူ၏။- တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊- ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။- ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည် ထည့်ကြ၏။- အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှာ မိန့်တော်မူ၏။- ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။- စားသောသူ အရေအတွက်ကား၊ လူလေးထောင်မျှလောက် ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊- တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ချင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမပြရဟု မိန့်တော်မူပြီးလျှင်၊- ထိုသူတို့ ရှိရာမှထွက်၍ တစ်ဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတစ်ဖက်သို့ ပြန်တော်မူ၏။ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှာ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တစ်လုံးတည်းသာ ရှိ၏။- ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။- တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံး မိုက်သေးသလော။- မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။- မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။
ရှင်မာကု 8:1-21 Common Language Bible (BCL)
မကြာမီလူပရိသတ်ကြီးစုရုံးမိပြန်၏။ သူ တို့မှာစားစရာမရှိကြသဖြင့် ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်တော်မူ၍၊- ``ဤလူတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် ရှိနေခဲ့ကြ၏။ ယခုသူတို့မှာစားစရာမရှိ ကြ။ သို့ဖြစ်၍သူတို့ကိုငါသနားတော်မူသည်။- အချို့သောသူတို့သည်ခရီးဝေးမှလာရောက်ခဲ့ ကြ၏။ သူတို့ကိုမကျွေးမွေးဘဲအိမ်သို့ပြန်စေ ပါလျှင် သူတို့သည်လမ်းခရီးတွင်မူးလဲကုန် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့တွင်မုန့်မည်မျှရှိသနည်း'' ဟုမေးတော်မူ၏။ တပည့်တော်တို့က ``မုန့်ခုနစ်လုံးရှိပါသည်'' ဟုလျှောက်ကြ၏။ ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။- ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။- လူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။- မုန့်စားသူဦးရေကားလေးထောင်မျှရှိသတည်း။ ကိုယ်တော်သည်လူတို့ကိုထိုအရပ်မှထွက်ခွာ သွားစေတော်မူ၏။- ထိုနောက်ချက်ချင်းပင်တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ ဒါလမနုသဒေသသို့ကြွ တော်မူ၏။ ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။- ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။ တပည့်တော်တို့သည်အစားအစာများကို မယူခဲ့မိကြ။ လှေပေါ်၌မုန့်တစ်လုံးသာရှိ၏။- ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။ တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ သည့်အကြောင်းကို အချင်းချင်းပြောဆိုလျက် နေကြ၏။ ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိ တော်မူလျှင် ``သင်တို့သည်စားစရာမပါသည့် အဖြစ်ကိုအဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင်မသိနားမလည်သေးသလော။ သင်တို့၏အသိဉာဏ်သည်အဘယ်ကြောင့်ဤမျှ ထိုင်းမှိုင်းနေသနည်း။- သင်တို့သည်မျက်စိရှိလျက်မမြင်ကြပါ သလော။ နားရှိလျက်မကြားကြပါသလော။- ငါသည်လူငါးထောင်ကိုကျွေးရန်မုန့်ငါးလုံး ဖဲ့ခဲ့သည်ကို သင်တို့သတိမရကြသလော။ ထိုအခါကမုန့်ကျိုးမုန့်ပဲ့များကိုတောင်း မည်မျှအပြည့်ကောက်သိမ်းရကြသနည်း'' ဟု သူတို့အားမေးတော်မူ၏။ တပည့်တော်တို့က ``တစ်ဆယ့်နှစ်တောင်းကောက် သိမ်းရပါသည်'' ဟုပြန်၍လျှောက်ကြ၏။ နောက်တစ်ဖန် ကိုယ်တော်က ``ငါသည်လူလေး ထောင်ကိုမုန့်ကျွေးရန် မုန့်ခုနစ်လုံးကိုဖဲ့ခဲ့စဉ် အခါက မုန့်ကျိုးမုန့်ပဲ့များကိုတောင်းမည်မျှ အပြည့် ကောက်သိမ်းရကြသနည်း'' ဟုမေး တော်မူ၏။ တပည့်တော်တို့က ``ခုနစ်တောင်းကောက်သိမ်း ကြပါသည်'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။
ရှင်မာကု 8:1-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့ရက်တို့၌ များစွာသောလူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြ၏။ ထိုသူတို့၌ စားစရာမရှိသောကြောင့် ယေရှုသည် တပည့်တော်တို့ကိုခေါ်၍ “ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။ သူတို့ထဲမှ အချို့တို့သည် အဝေးမှလာကြသည်ဖြစ်၍ သူတို့ကိုဘာမျှမကျွေးဘဲ မိမိတို့အိမ်သို့ပြန်သွားစေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “ဤတောကန္တာရ၌ မည်သူသည် အဘယ်ကမုန့်ကိုယူ၍ ဤသူတို့အား ဝလင်စွာကျွေးနိုင်ပါမည်နည်း”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“သင်တို့တွင် မုန့်မည်မျှရှိသနည်း”ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးရှိပါသည်”ဟု ပြန်လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက် မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ လူအစုအဝေးတို့အားဝေပေးရန် တပည့်တော်တို့ကိုပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အားဝေပေးကြ၏။ သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။ လူတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းရကြ၏။ ထိုနေရာ၌ လူလေးထောင်ခန့်ရှိကြ၏။ ထို့နောက် ကိုယ်တော်သည် လူတို့ကို ပြန်လွှတ်တော်မူပြီးလျှင် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့ချက်ချင်းတက်၍ ဒါလမနုသနယ်မြေဒေသများသို့ ကြွတော်မူ၏။ ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။ ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ“ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု မိန့်တော်မူပြီးလျှင် သူတို့ကိုထားခဲ့၍ တစ်ဖန် လှေပေါ်သို့တက်ကာ တစ်ဖက်ကမ်းသို့ကူးတော်မူ၏။ တပည့်တော်တို့သည် မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြသဖြင့် လှေပေါ်တွင် သူတို့၌မုန့်တစ်လုံးတည်းသာရှိ၏။ ထိုအခါ ကိုယ်တော်က“ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။ တပည့်တော်တို့ကလည်း မိမိတို့၌ မုန့်မပါသောကြောင့်ဖြစ်သည်ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။ ထိုသို့ပြောဆိုကြသည်ကို ကိုယ်တော်သိတော်မူလျှင်“သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့်အချေအတင်ပြောဆိုကြသနည်း။ သင်တို့သဘောမပေါက်နားမလည်ကြသေးသလော။ သင်တို့စိတ်နှလုံးသည် မာကျောလျက်ရှိနေသေးသလော။ သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။သင်တို့မမှတ်မိကြသလော။ မုန့်ငါးလုံးကို လူငါးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့်ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း”ဟု ပြန်လျှောက်ကြ၏။ “မုန့်ခုနစ်လုံးကို လူလေးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့် ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “ခုနစ်တောင်း”ဟု ပြန်လျှောက်ကြ၏။ တစ်ဖန် ကိုယ်တော်က“သင်တို့နားမလည်ကြသေးသလော”ဟု မိန့်တော်မူ၏။