YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:30-56

ရှင်မာကု 6:30-56 JBMLE

တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ လာ​ကြ။ ခ​ဏ​အား​ဖြည့်၍ ငြိမ်​သက်​စွာ နေ​ကြ​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ လူ​များ သွား​လာ​ကြ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် အ​စာ​စား​ခြင်း​ငှာ​မျှ မ​အား​နိုင်​ကြ။- ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။- သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။- လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့ သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ သူ​တို့၌ စား​စ​ရာ​မ​ရှိ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့၌ မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း။ သွား၍ ကြည့်​ရှု​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိ​ပြီး​မှ၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင် ရှိ​ပါ​သည်​ဟု လျှောက်​ပြန်၏။- ထို​အ​ခါ လူ​အ​ပေါင်း​တို့​ကို မြက်​စိမ်း​ပေါ်​မှာ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- သူ​တို့​သည် တစ်​ရာ​တစ်​စု၊ ငါး​ဆယ်​တစ်​စု၊ အ​စု​စု​လျောင်း​ကြ​လျှင်၊- ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊- မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။- မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ တောင်​ပေါ်​သို့ ကြွ​တော်​မူ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် အိုင်​အ​လယ်၌​ရှိ၏။ ကိုယ်​တော်​သည် ကုန်း​ပေါ်မှာ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင်၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့် အော်​ဟစ်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။ ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့​ရောက်၍ လှေ​ကို ဆိုက်​ကြ၏။- လှေ​မှ​ဆင်း​သော​အ​ခါ လူ​များ​တို့​သည် မျက်​နှာ​တော်​ကို ချက်​ချင်း​မှတ်​မိ​လျှင်၊- ပတ်​ဝန်း​ကျင်​အ​ရပ်၌ ရှိ​သ​မျှ​သို့ ပြေး​သွား၍ မည်​သည်​အ​ရပ်၌ ရှိ​တော်​မူ​သည်​ဟု ကြား​လျှင်၊ ထို​အ​ရပ်​သို့ လူ​နာ​များ​ကို အိပ်​ရာ​နှင့် ဆောင်​ခဲ့​ကြ၏။- မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

Video for ရှင်မာကု 6:30-56