နောက်တစ်နေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊- တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။- ထိုအခါ လက်ခြေသေသောသူတစ်ယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။- လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျှော့ချကြ၏။- ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊- ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။- သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ချင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။- လက်ခြေသေသောသူအား အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။- ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ နောက်တစ်ဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒ ပေးတော်မူ၏။- လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့ လိုက်ကြ၏။- ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့်တော်တို့အား ဆိုကြ၏။- ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။- မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 2:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ