မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- အနား၌ရပ်နေသော သူအချို့တို့သည် ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟု ဆိုကြ၏။- လူတစ်ယောက်သည် ပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆို၏။- ယေရှုသည် ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။- ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။- မိန်းမအချို့တို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။- ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားမိန်းမများလည်း ပါကြသတည်း။ ထိုနေ့ကား အဖိတ်နေ့တည်းဟူသော ပရက္ကုနေ့ ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊- အသရေရှိသော လွှတ်အရာရှိ၊ အရိမဿဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကား ကြာပြီလောဟု မေး၏။- သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။- ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။- မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။
ရှင်မာကု 15 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 15:33-47
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို