ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။- အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။- တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့် အညီ၊- ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။- ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။- ယောဟန်သည် ကုလားအုတ်အမွေးနှင့် ရက်သောအဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။- ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။- ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။ ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။- ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊- သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို့ သွားစေတော်မူ၏။- အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။ ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊- အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- ထိုသူတို့အား ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊- ထိုသူတို့သည် ချက်ချင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ချင်းခေါ်တော်မူ၏။- ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှားတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
ရှင်မာကု 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 1:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ