ရှင်မာကု 1:1-20
ရှင်မာကု 1:1-20 Judson Bible (JBMLE)
ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။- အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။- တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့် အညီ၊- ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။- ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။- ယောဟန်သည် ကုလားအုတ်အမွေးနှင့် ရက်သောအဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။- ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။- ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။ ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။- ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊- သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို့ သွားစေတော်မူ၏။- အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။ ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊- အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- ထိုသူတို့အား ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊- ထိုသူတို့သည် ချက်ချင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ချင်းခေါ်တော်မူ၏။- ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှားတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
ရှင်မာကု 1:1-20 Common Language Bible (BCL)
ဘုရားသခင်၏သားတော်ယေရှုခရစ်အကြောင်း သတင်းကောင်းစတင်ပုံကိုဖော်ပြပါအံ့။- ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။ တောကန္တာရ၌အသံတစ်ခုသည် ``ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့'' ဟု ကြွေးကြော်လျက်နေ၏။ ဟူ၍ဖော်ပြပါရှိသည်။ ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။- ယေရုရှလင်မြို့နှင့်ယုဒပြည်ကျေးလက်တောရွာ တို့မှ လူအပေါင်းတို့သည်ယောဟန်ထံသို့သွားကြ ကုန်၏။ မိမိတို့အပြစ်များကိုဖော်ပြဝန်ခံလျက် ယော်ဒန်မြစ်တွင်ယောဟန်ထံမှဗတ္တိဇံကိုခံယူကြ၏။ ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။- သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။- ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။ ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။- ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။- ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။ ချက်ချင်းပင်ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ပို့ဆောင်တော်မူ၏။- တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။ ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။ ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။- သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။- ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။ ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။- ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
ရှင်မာကု 1:1-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏ကောင်းမြတ်သောသတင်းအစမှာ ဤသို့ဖြစ်၏။ “ကြည့်ရှုလော့။ သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင် ဦးစွာငါစေလွှတ်မည်။” “တောကန္တာရ၌ ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့”ဟု ပရောဖက်ဟေရှာယ၏ကျမ်းတွင် ရေးထားသည်နှင့်အညီ ယောဟန်သည်ပေါ်ထွန်းလာ၍ တောကန္တာရ၌ ဗတ္တိဇံပေးကာ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောလေ၏။ ထိုအခါ ယုဒနယ်တစ်နယ်လုံးမှလူများနှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောဟန်ထံသို့သွား၍ မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်တွင် သူ့ထံ၌ဗတ္တိဇံခံကြ၏။ ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းကာ ကျိုင်းကောင်နှင့်တောပျားရည်တို့ကိုစားလျက်နေ၏။ ယောဟန်က “ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ငုံ့၍ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံပေးသော်လည်း ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်”ဟု ဟောပြောလေ၏။ ထိုနေ့ရက်ကာလ၌ ယေရှုသည် ဂါလိလဲနယ်၊ နာဇရက်မြို့မှကြွလာ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ ဗတ္တိဇံခံတော်မူ၏။ ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။ ထို့နောက် ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ ချက်ချင်းထုတ်ဆောင်တော်မူ၏။ ထိုအခါ ကိုယ်တော်သည် တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် စာတန်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ သားရဲတိရစ္ဆာန်များနှင့်အတူရှိတော်မူ၍ ကောင်းကင်တမန်များသည် ကိုယ်တော်ကိုပြုစုကြ၏။ ယောဟန်အကျဉ်းချခံရပြီးနောက် ယေရှုသည် ဂါလိလဲနယ်သို့ကြွတော်မူ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ဟောပြောလျက် “အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော်လည်း ပေါ်ထွန်းလုနီးပြီ။ နောင်တရ၍ ကောင်းမြတ်သောသတင်းကို ယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။ ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။ ယေရှုက“ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။ တစ်ဖန် အနည်းငယ်ဆက်၍ကြွတော်မူရာ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ၏ညီယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် လှေထဲ၌ ပိုက်ကွန်များကိုဖာထေးနေကြ၏။ ကိုယ်တော်သည် သူတို့ကိုချက်ချင်းခေါ်တော်မူလျှင် သူတို့သည် မိမိတို့ဖခင်ဇေဗေဒဲကို လူငှားတို့နှင့်အတူ လှေထဲ၌ထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။