YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 5:1-26

ရှင်မဿဲ 5:1-26 JBMLE

ထို​လူ​အ​ပေါင်း​တို့​ကို မြင်​လျှင်၊ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ရင်း​သို့ ချဉ်း​ကပ်​ကြ၏။- ထို​အ​ခါ နှုတ်​တော်​ကို​ဖွင့်၍ တ​ပည့်​တော်​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​မှာ၊- စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။- စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လ​တ္တံ့။- ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။- သ​နား​စုံ​မက်​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် သ​နား​စုံ​မက်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။- သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ့​ကြောင့် သင်​တို့​ကို ကဲ့​ရဲ့​ညှဉ်း​ဆဲ၍ မ​မှန်​ဘဲ​လျက် အ​ပြစ်​တ​ကာ တင်​ကြ​သော​အ​ခါ၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။- သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။- သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။- ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။- ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​များ​ကို ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။- ထို​ကြောင့် အ​ကြင်​သူ​သည်၊ အ​ငယ်​ဆုံး​သော ပ​ညတ်​တစ်​ခု​ကို ကိုယ်​တိုင်​လွန်​ကျူး၍ သူ​တစ်​ပါး​တို့​အား​လည်း ထို​အ​တူ​သွန်​သင်၏။ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ငယ်​ဆုံး​သော​သူ ဖြစ်​လိမ့်​မည်။ အ​ကြင်​သူ​သည် ကိုယ်​တိုင်​ကျင့်၍ သူ​တစ်​ပါး​တို့​အား​လည်း သွန်​သင်၏။- ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ ကြီး​သော​သူ ဖြစ်​လိမ့်​မည်။ သင်​တို့​ကျင့်​သော​အ​ကျင့်​သည် ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့ ကျင့်​သော​အ​ကျင့်​ထက် မ​လွန်​မ​သာ​လျှင်၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ကြ​ဟု ငါ​အ​မှန်​ဆို၏။- လူ​အ​သက်​ကို မ​သတ်​ရ။ သတ်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။- ထို​ကြောင့် သင်​သည် ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​သို့​ဆောင်​ယူ​ခဲ့​လျက် သင်၏​ညီ​အစ်​ကို​သည် သင်၌ အ​ပြစ်​တင်​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​သည်​ဟု အောက်​မေ့​သ​တိ​ရ​လျှင်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ ပူ​ဇော်​သ​ကာ​ကို​ထား၍ သွား​လော့။- ညီ​အစ်​ကို​နှင့် သင့်​တင့်​ပြီး​မှ ပြန်၍ ပူ​ဇော်​သ​ကာ​ကို တင်​လော့။- တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။- လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ​ဟု ငါ​အ​မှန်​ဆို၏။

ရှင်မဿဲ 5:1-26 အကြောင်း ဗီဒီယိုများ