ကိုယ်တော်ကို ဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။- ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကို မတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက်သေခံနှစ်ယောက်တို့သည် လာ၍၊- ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။- ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ဆိုလျှင်၊- ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊- ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။- အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။- အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ ပေတရုသည် ပြင်မှာ အိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါ မိန်းမတစ်ယောက်သည် သူရှိရာသို့လာ၍ သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တစ်ဖန် ငြင်းခုံပြန်၏။- ထိုနောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊- ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။- ယေရှုက၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။
ရှင်မဿဲ 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 26:57-75
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ