ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။- ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။- ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။- ထိုအခါ ယေရှုနှင့် ပါသောသူတစ်ယောက်သည် လက်ကိုဆန့်၍ ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။- ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။- ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။- သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏။- ထိုအခါ ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။- ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။ ကိုယ်တော်ကို ဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။- ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကို မတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက်သေခံနှစ်ယောက်တို့သည် လာ၍၊- ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။- ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ဆိုလျှင်၊- ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊- ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။- အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။- အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ ပေတရုသည် ပြင်မှာ အိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါ မိန်းမတစ်ယောက်သည် သူရှိရာသို့လာ၍ သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တစ်ဖန် ငြင်းခုံပြန်၏။- ထိုနောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊- ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။- ယေရှုက၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။
ရှင်မဿဲ 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 26:36-75
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ