ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊- ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။- ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။- ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊- ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။- ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။- နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။- လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။- တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ချင်း သွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည် သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟု ဆိုလျှင် ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။- ယုံကြည်ခြင်းပါလျက် ပတ္ထနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊- ယေရှုက၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။- ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားက ဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။- လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
ရှင်မဿဲ 21 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 21:12-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ