ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။- သူတစ်ပါးသည် သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊- နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ တပည့်တော်တို့သည် သွား၍ အမိန့်တော်အတိုင်း ပြုသဖြင့်၊- မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- အတိုင်းမသိ များစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်းဟု မေးမြန်းကြလျှင်၊- လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။ ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊- ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။- ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။- ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊- ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။- ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။- နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။- လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။
ရှင်မဿဲ 21 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 21:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ