ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ ခေါ်၍၊- ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်။- လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့ လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပျပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူသော်၊- ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊- ငါ၏ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့ အဖို့အလို့ငှာ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက်ကြ၏။- ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။- အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။- သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊- သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။ ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။- ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင် ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။ ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအစုအဝေးတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြ၏။- ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ်၍ သင်တို့၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါဟု လျှောက်ကြသော်၊- ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့် တို့တော်မူ၏။ ထိုခဏချင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။
ရှင်မဿဲ 20 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 20:17-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ