မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။- လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသော်လည်း၊- စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။- လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။- အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊- ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊- အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနုတ်စေခြင်းငှာ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊- အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။- စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။- မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။ ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊- ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဖူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
ရှင်မဿဲ 13 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 13:18-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ