ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ ပွဲသဘင်၌ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်းတို့အား အသံကိုလွှင့်၍၊- ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- အကြောင်းမူကား၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုးစွဲသောသူ ပါတကားဟု ဆိုကြ၏။- လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူ ပါတကားဟု ဆိုပြန်ကြ၏။ သို့သော်လည်း ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည် ဟု မိန့်တော်မူ၏။ ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။- အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့်လူးလျက် နောင်တ ရကြလိမ့်မည်။- ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတ္တံ့။- အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။- ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက် သာ၍ခံရလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ် ချီးမွမ်းပါ၏။- ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။- ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသော သူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။- ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။- အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။
ရှင်မဿဲ 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 11:16-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ