တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာလည်းကောင်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာလည်းကောင်း အခွင့်ပေးတော်မူ၏။- တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊- ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊- ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။- ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။- သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု သတင်းကြားပြောကြလော့။- နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။- ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။- လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။- မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။- ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာ ရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။- အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှလည်းကောင်း၊ မြို့မှလည်းကောင်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။- ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ ခံရလတ္တံ့။- တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။- လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။- ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။- သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏချင်းတွင် သင်တို့သည် ရကြလိမ့်မည်။- အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- ထိုအခါ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။- လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေး ကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မီ လူသားသည် ကြွလာလိမ့်မည်။
ရှင်မဿဲ 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 10:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို