တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုးကို ပေးတော်မူ၏။- ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှာလည်းကောင်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၍၊- သင်တို့သည် လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။- မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့။ အကြင်သူတို့သည် သင်တို့အား ဧည့်သည်ဝတ်ကို မပြုဘဲနေ၏။- ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ်၊ သူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။- တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာရောဂါကို ငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ၏။ ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည် ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။- အချို့က ဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့က ရှေးပရောဖက်တစ်ပါးပါး ထပြန်ပြီဟု ဆိုကြ၏။- ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသတင်းကို ငါကြားရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက် ယေရှုကိုမြင်ခြင်းငှာ အလိုရှိ၏။ တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။- ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။ မိုးချုပ်သောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှာ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဖို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။- ထိုသို့ လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစ်စုလျှင် ငါးဆယ်စီ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊- ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။- လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။ တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။- ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။ ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကိုကိုယ် ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်း။- အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ ဘုန်းကိုဆောင်လျက် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတ္တံ့။- ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။- ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့် ထင်ရှား၍၊- ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေတော်မူမည် အကြောင်းအရာကို ပြောကြ၏။- ပေတရုနှင့် သူ၏အဖော်တို့သည် မျက်စိလေးလံသဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကိုလည်းကောင်း မြင်ကြ၏။- ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊- ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထိုအသံတော်ဖြစ်သည် ခဏချင်းတွင်၊ ယေရှုသည် တစ်ယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကို ဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။
ရှင်လုကာ 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 9:1-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ