ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊- ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။- ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊- ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း၍၊- ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။- ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။- ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။- ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။- ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။ တစ်ဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊ ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည်ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။- ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သောအမှု တစ်စုံတစ်ခုကိုမျှ မပြု။- ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။- ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။ လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ်တည်း ဟစ်ကြော်ကြ၏။- ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင်ထားသောသူ ဖြစ်သတည်း။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အား တစ်ဖန်ပြောဆိုလေ၏။- သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။- ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ် တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ထိုကြောင့် သူ့ကိုငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊- လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။- ပိလတ်မင်းသည်လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်းငှာ စီရင်၍၊- ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
ရှင်လုကာ 23 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 23
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 23:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ