အချိန်ရောက်မှ တမန်တော်တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊- ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ။- ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ ဤပွဲကို တစ်ဖန် ငါမစားရဟု မိန့်တော်မူလျက်၊- ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍ အချင်းချင်းဝေကြလော့။- ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။- သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။- ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။- တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ၏။ ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊- ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။- သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။- အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။- ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။- ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊- သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သော အခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသော အခွင့်ကိုလည်းကောင်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။- တစ်ဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊- သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊- ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊- သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစ်စုံတစ်ခုလိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မလိုပါဟု လျှောက်ကြသော်၊- ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။- အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း၊ သခင်၊ ဓားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။
ရှင်လုကာ 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 22:14-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ