ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။- ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊- ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။- အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သော ကျောက်ပြားနှင့်လည်းကောင်း၊ ပူဇော်သကာများနှင့်လည်းကောင်း ဆင်ပြင်လျက် ရှိပါ၏ဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။ သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။- သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။ ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။- အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။- ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။- ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့် ရှိကြလိမ့်မည်။- ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှာ သတိထားကြလော့။- အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။- သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဖော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ကိုလည်း သတ်ကြလိမ့်မည်။- လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။- သို့သော်လည်း သင်တို့ ဆံခြည်တစ်ပင်မျှ မပျက်စီးရ။- သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။ ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။
ရှင်လုကာ 21 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 21
မျှဝေရန်
အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။- ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသ သင့်ရောက်လိမ့်မည်။- သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊- မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သော ဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။- ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ တစ်ဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။- အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။- ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။- ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။- ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။- ထိုကြောင့် သင်တို့သည် ဖြစ်လတ္တံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 21:1-20, 22-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ