ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဖူးသောမြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။- သူတစ်ပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ၏။- ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။- မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊- သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊- မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။- ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း၌ခင်းကြ၏။- သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊- ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။- လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊- ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊- အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊- သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 19 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 19:28-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ