YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:1-27

ရှင်လုကာ 19:1-27 JBMLE

ယေ​ရှု​သည် ယေ​ရိ​ခေါ​မြို့​သို့ ဝင်၍ လျှောက်​သွား​တော်​မူ၏။- ထို​အ​ခါ ဇ​က္ခဲ​အ​မည်​ရှိ​သော အ​ခွန်​ခေါင်း​တစ်​ယောက် ရှိ၏။ ထို​သူ​သည် ငွေ​ရ​တတ်​သော​သူ​ဖြစ်၏။- ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။- ထို​ကြောင့် ကြွ​တော်​မူ​မည့်​လမ်း​တွင် ရှေ့​သို့​ပြေး၍ ကိုယ်​တော်​ကို မြင်​အံ့​သော​ငှာ သ​ဖန်း​ပင်​တစ်​ပင်​ကို တက်​လေ၏။- ထို​အ​ရပ်​သို့ ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ မျှော်​ကြည့်၍ ထို​သူ​ကို မြင်​တော်​မူ​လျှင်၊- ဇ​က္ခဲ၊ မြန်​မြန်​ဆင်း​လော့။ သင်၏​အိမ်၌ ယ​နေ့ ငါ​တည်း​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဇ​က္ခဲ​သည် အ​လျင်​အ​မြန်​ဆင်း၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ကိုယ်​တော်​ကို မိ​မိ​အိမ်၌ ဧည့်​ခံ​လေ၏။- ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။- လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​မည်​ဟု လူ​များ​ထင်​မှတ်​သော​ကြောင့်၊ ပ​ရိသတ်​အ​လယ်၌ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊- အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။- မ​သွား​မီ မိ​မိ​ငယ်​သား​တစ်​ကျိပ်​ကို ခေါ်၍၊ ငွေ​တစ်​ပိဿာ စီ​အပ်​ပေး​လျက် ငါ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ကုန်​သွယ်​ခြင်း​အ​မှု​ကို ပြု​ကြ​လော့​ဟု မှာ​ထား​လေ၏။- ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။- ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။ ပ​ထ​မ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် အ​ခွက်​တစ်​ဆယ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- ဒု​တိ​ယ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် ငါး​ပိဿာ​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊- ကိုယ်​မ​သို​မ​ထား​သော ဥ​စ္စာ​ကို​သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော လယ်၌ ရိတ်​တတ်​သည်​ကို အ​ကျွန်ုပ်​ထောက်၍ ကိုယ်​တော်​ကို ကြောက်​ပါ​သည်​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ ဆိုး​ညစ်​သော​ငယ်​သား၊ သင်၏ စ​ကား​ကို​သာ​လိုက်၍ သင်၏​အ​မှု​ကို ငါ​စီ​ရင်​မည်။ ငါ​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​လျက် ကိုယ်​မ​သို​မ​ထား​သော​ဥ​စ္စာ​ကို သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော​လယ်၌ ရိတ်​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊- အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။- အ​ခြွေ​အ​ရံ​တို့​က​လည်း၊ သ​ခင်၊ ထို​သူ၌ အ​ခွက်​တစ်​ဆယ်​ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊ ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။- ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။