ရှင်လုကာ 19
19
ယေရှုနှင့်ဇက္ခဲ
1ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ လျှောက်သွားတော်မူ၏။- 2ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတစ်ယောက် ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။- 3ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။- 4ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှာ သဖန်းပင်တစ်ပင်ကို တက်လေ၏။- 5ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊- 6ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။- 7ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။- 8ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။- 9ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။- 10လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။#မ၊ ၁၈:၁၁။
ရွှေဒင်္ဂါးဥပမာ
(မ၊ ၂၅:၁၄-၃၀)
11ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ မိန့်တော်မူသော ဥပမာကား၊-#မ၊ ၂၅:၁၄-၃၀။ 12အမတ်တစ်ယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသောပြည်သို့ သွား၏။- 13မသွားမီ မိမိငယ်သားတစ်ကျိပ်ကို ခေါ်၍၊ ငွေတစ်ပိဿာ စီအပ်ပေးလျက် ငါပြန်၍ မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။- 14ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။- 15ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးအသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှာ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
16ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- 17သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။- 18ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊- 19သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။- 20အခြားသောသူသည် လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတစ်ပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊- 21ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊- 22သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊- 23ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကိုရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊- 24အခြွေအရံတို့အား၊ ငွေတစ်ပိဿာကို သူ့လက်မှ နုတ်ကြ။ အခွက်တစ်ဆယ်ရှိသောသူအား ပေးကြဟု မိန့်တော်မူ၏။- 25အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တစ်ဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊ 26ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-#မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။ 27ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
ယေရုရှလင်မြို့သို့ဝင်ရောက်ခြင်း
(မ၊ ၂၁:၁-၁၁။ မာ၊ ၁၁:၁-၁၁။ ယော၊ ၁၂:၁၂-၁၉)
28ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- 29သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- 30သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဖူးသောမြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။- 31သူတစ်ပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ၏။- 32ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။- 33မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊- 34သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊- 35မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။- 36ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း၌ခင်းကြ၏။- 37သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊- 38ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။- 39လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊- 40ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရုရှလင်အတွက်ငိုကြွေးခြင်း
41ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊- 42အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- 43အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊- 44သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ဗိမာန်တော်သို့၀င်ရောက်ခြင်း
(မ၊ ၂၁:၁၂-၁၇။ မာ၊ ၁၁:၁၅-၁၉။ ယော၊ ၂:၁၃-၂၂။)
45ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊- 46ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။-#ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။ 47ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ ရှာကြသော်လည်း၊-#လု၊ ၂၁:၃၇။ 48လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့မရကြ။
လက်ရှိရွေးချယ်ထားမှု
ရှင်လုကာ 19: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.