တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်၊- သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ အစေအပါသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွား ကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။- ထိုအစေအပါကို၊ ငါစားစရာဖို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။- ထိုအစေအပါသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူးမတင်။- ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။ ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ လျှောက်သွားတော်မူ၏။- ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတစ်ကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊- သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။- ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။
ရှင်လုကာ 17 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 17:5-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ