YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:37-54

ရှင်လုကာ 11:37-54 JBMLE

ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို​သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ သူ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌ လျောင်း​တော်​မူ၏။- အ​စာ​ကို​မ​စား​မီ ဆေး​ခြင်း​ကို ပြု​တော်​မ​မူ​သည်​ကို ဖာ​ရိ​ရှဲ​သည်​မြင်​လျှင် အံ့​ဩ​လေ၏။- သ​ခင်​ဘု​ရား​က​လည်း၊ ဖာ​ရိ​ရှဲ​ဖြစ်​သော သင်​တို့​သည် ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌​ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ ဆိုး​ညစ်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။- လူ​မိုက်​တို့၊ အ​ပြင်​ကို ဖန်​ဆင်း​သော​သူ​သည် အ​တွင်း​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။- သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။- ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။- ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ တ​ရား​ဇ​ရပ်၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။- သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မ​ထင်​ရှား​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​အ​ပေါ်​မှာ သွား​လာ​သော​သူ​တို့​သည် သင်္ချိုင်း​တွင်း​ရှိ​မှန်း​ကို​မျှ မ​သိ​ကြ​ဟု မိန့်​တော်​မူ၏။ ကျမ်း​တတ်​တစ်​ယောက်​က​လည်း၊ အ​ရှင်​ဘု​ရား ထို​သို့​ဆို​လျှင် အ​ကျွန်ုပ်​တို့​ကို​ပင် ကဲ့​ရဲ့​အ​ပြစ်​တင်​တော်​မူ၏​ဟု လျှောက်​သော်၊- ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထမ်း​ခဲ​သော​ဝန်​ကို သူ​တစ်​ပါး​အ​ပေါ်​မှာ တင်​တတ်၏။- ကိုယ်​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​တို့၏ သင်္ချိုင်း​များ​ကို​တည်​လုပ်၍၊ သင်​တို့၏ ဘိုး​ဘေး​များ​သည် သူ​တို့​ကို​သတ်​ကြ၏။- အ​ကယ်​စင်​စစ် သင်​တို့​သည် ဘိုး​ဘေး​တို့၏ အ​ပြု​အ​မူ​ကို လက်​ခံ​ကြ၏။ ဘိုး​ဘေး​တို့​သည် ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပြီ။ သင်​တို့​မူ​ကား၊ သင်္ချိုင်း​တို့​ကို တည်​လုပ်​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဉာဏ်​စီ​ရင်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်၊ တ​မန်​တော်​တို့​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် ထို​ပ​ရာ​ဖက်၊ တ​မန်​တော်​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို သတ်​ကြ​လိမ့်​မည်။- ထို​ကြောင့်၊ အာ​ဗေ​လ၏ အ​သွေး​မှ​စ၍၊ ယဇ်​ပ​လ္လင်​နှင့် အိမ်​တော်၏​အ​ကြား၌ သတ်​ခဲ့​ပြီး​သော ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် က​မ္ဘာ​ဦး​မှ​စ၍ သွန်း​ပြီး​သော ပ​ရော​ဖက်​အ​ပေါင်း​တို့၏ အ​သွေး​ကြောင့် ယ​ခု​ဖြစ်​သော လူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​တို့​သည် ထို​စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။ ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ဖွင့်​သော​သော့​ကို သိမ်း​ထား​ကြ​ပြီ။ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ထို​သို့ ပ​ရိသတ်​တို့​အား မိန့်​တော်​မူ​စဉ်​တွင် ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရ​မည်​အ​ကြောင်း၊- ချောင်း​မြောင်း​လျက် စ​ကား​တော်​ကို​ဖမ်း​ခြင်း​ငှာ ရှာ​ကြံ​လျက်၊ ကျပ်​ကျပ်​တိုက်​တွန်း၍ အ​ရာ​ရာ​တို့၌ မေး​စစ်​ကြ၏။