တစ်ရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသောသူသည် စကားပြော၏။ အစုအဝေးတို့သည်လည်း အံ့ဩကြ၏။- အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- အချို့တို့သည်လည်း၊ စုံစမ်းနှောင့်ယှက်ခြင်းငှာ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။- ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။- ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။- ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။- သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။- ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏။ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌ လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊- ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော်၊- မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏၊ ထိုလူ၏နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတစ်ယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊- ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။ လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုးဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။- ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။- တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။- တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်သောအခါ တစ်ကိုယ်လုံးမိုက်လိမ့်မည်။- ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှာ သတိပြုလော့။- အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 11:14-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ