ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။- သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။- သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။- ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။- မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည် တည်လိမ့်မည်။- သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။- အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏။ ထိုမြို့၌ သင်တို့ရှေ့မှာထည့်သမျှကို စားကြလော့။- လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။- အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။- သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။- ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက် သာ၍ခံရလတ္တံ့။ အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။- တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက် သာ၍ခံရကြလတ္တံ့။- အိုကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။- သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။- ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။- ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။- သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။- သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊ သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏။ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏။ အဘ။- ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။- ထိုအခါ တပည့်တော်တို့ကို လှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။- ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။
ရှင်လုကာ 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 10:1-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ