YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 1

1
ယေ​ရု​ရှ​လင်​မြို့​၏​ဝမ်း​နည်း​ခြင်း​များ
1စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။ 2ည​အ​ခါ ပြင်း​စွာ​ငို​ကြွေး၍၊ သူ၏​ပါး​သည် မျက်​ရည်​နှင့် စို​စွတ်​လေ၏။ ရည်း​စား​အ​ပေါင်း​တို့​တွင် နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ မ​ရှိ။ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် သ​စ္စာ​ပျက်၍ ရန်​သူ​ဖြစ်​ကြ​ပြီ။ 3ယု​ဒ​သ​တို့​သ​မီး​သည် ညှဉ်း​ဆဲ​ခြင်း၊ ကြမ်း​တမ်း​စွာ စေ​စား​ခြင်း​ကို​ခံ​ရ​သော​ကြောင့် ပြောင်း​သွား​ပြီ။ သာ​သ​နာ​ပ​လူ​တို့ အ​ထဲ​မှာ​နေ​လျက် ချမ်း​သာ​မ​ရ။ လိုက်​သော သူ​အ​ပေါင်း​တို့​သည် ကျဉ်း​မြောင်း​ရာ၌ မီ​ကြ၏။ 4အ​ဘယ်​သူ​မျှ ပွဲ​သ​ဘင်​သို့ မ​လာ​သော​ကြောင့်၊ ဇိ​အုန်​လမ်း​တို့​သည် ညည်း​တွား​ကြ၏။ သူ၏​မြို့​တံ​ခါး​ရှိ​သ​မျှ​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ကြ၏။ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ညည်း​တွား​ကြ၏။ သူ၏​သ​မီး​က​ညာ​တို့​သည်​လည်း နာ​ကြည်း​သော​စိတ်​ရှိ၍၊ သူ​သည် ကိုယ်​တိုင် ညှိုး​ငယ်​လျက်​နေ​ရ၏။ 5သူ​ပြစ်​မှား​သော အ​ပြစ်​များ​ပြား​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် အ​စိုး​ရ၍၊ သူ၏​ရန်​သူ​တို့​သည် ကောင်း​စား​ကြ​ပြီ။ သူ၏​သား​သ​မီး​တို့​ကို​လည်း ရန်​သူ​သိမ်း​သွား​ကြ​ပြီ။ 6ဇိ​အုန်​သ​တို့​သ​မီး၏ ဂုဏ်​အ​သ​ရေ​သည် အ​ကြွင်း​မဲ့​ကွယ်​ပျောက်၏။ သူ၏​မင်း​သား​တို့​သည် ကျက်​စား​ရာ​ကို ရှာ၍​မ​တွေ့​သော သ​မင်​ဒ​ရယ်​ကဲ့​သို့ ဖြစ်၍၊ လိုက်​သော​သူ​ရှေ့​မှာ အား​မ​ရှိ​ဘဲ ပြေး​သွား​ကြ​ပြီ။ 7ယေ​ရု​ရှ​လင်​မြို့​သည် ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို ခံ​ရ​စဉ်​တွင်၊ အ​ရင်​ခံ​စား​ဖူး​သော စည်း​စိမ်​ကို အောက်​မေ့၏။ သူ၏​လူ​တို့​သည် ရန်​သူ​လက်​သို့​ရောက်၍ မ​စ​သော​သူ မ​ရှိ​သော​အ​ခါ၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် သူ၏​အ​မှု​ကို​မြင်၍၊ သူ၏​ဆုံး​ခြင်း​ကို ကဲ့​ရဲ့​ကြ၏။ 8ယေ​ရု​ရှ​လင်​မြို့ ပြစ်​မှား​သော​အ​ပြစ်​သည် အ​လွန်​များ​သော​ကြောင့်၊ ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။ သူ့​ကို ရို​သေ​ဖူး​သော​သူ​အ​ပေါင်း​တို့​သည် သူ၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို မြင်​သော​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ သူ​သည်​လည်း ညည်း​တွား၍ နောက်​သို့​ပြန်​သွား​လေ၏။ 9သူ၌ မ​စင်​ကြယ်​သော လ​က္ခ​ဏ​ထင်​ရှား​သော်​လည်း၊ နောက်​ခံ​ရ​သော​အ​ပြစ်​ကို မ​အောက်​မေ့။ ထို​ကြောင့်၊ မျက်​နှာ​ပေး​သော​သူ မ​ရှိ​ဘဲ အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့် နှိမ့်​ချ​ခြင်း​သို့​ရောက်​လေ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ရန်​သူ​သည် ကိုယ်​ကို ချီး​မြှောက်​ပါ​ပြီ။ 10ရန်​သူ​သည် သူ၏​စည်း​စိမ်​ကို လု​ယူ​ပါ​ပြီ။ ပ​ရိ​သတ်​တော်​ထဲ​သို့ မ​ဝင်​ရ​ဟု မြစ်​တား​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​သည် သူ၏ သန့်​ရှင်း​ရာ​ဌာ​န​တောင်​ထဲ​သို့​ဝင်​ကြောင်း​ကို သူ​မြင်​ရ​ပါ၏။ 11သူ၏​လူ​အ​ပေါင်း​တို့​သည် ညည်း​တွား​လျက်၊ မုန့်​ကို​ရှာ​လျက် နေ​ကြ၏။ သေ​ဘေး​နှင့် လွတ်​ခြင်း​ငှာ မိ​မိ​စည်း​စိမ်​ကို စား​စ​ရာ​ဖို့ စွန့်​ရ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​ကြောင့် ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။
12အို ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့၊ ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ အ​မျက်​တော်​ထွက်​သော​နေ့၌ ငါ့​ကို​ညှဉ်း​ဆဲ၍၊ ဖြစ်​စေ​တော်​မူ​သော ဒု​က္ခ​နှင့်​တူ​သော ဒု​က္ခ​ရှိ​သ​လော။ 13အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။ 14ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။ 15ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သူ​ရဲ​အ​ပေါင်း​တို့​ကို ငါ့​အ​လယ်၌ ကျော်​နင်း​တော်​မူ​ပြီ။ ငါ၏​လူ​ပျို​တို့​ကို နှိပ်​စက်​ခြင်း​ငှာ လူ​အ​လုံး​အ​ရင်း​ကို ခေါ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​သ​တို့​သ​မီး​က​ညာ​ကို စ​ပျစ်​သီး​နယ်​ရာ​ကျင်း၌ နင်း​နယ်​တော်​မူ​ပြီ။ 16ထို​အ​ကြောင်း​ကြောင့် ငါ​သည်​ငို​ရ၏။ မျက်​ရည်​ကျ​လျက်​ရှိ၏။ ငါ့​အ​သက်​ကို ထောက်​မ၍ ငါ့​ကို နှစ်​သိမ့်​စေ​သော​သူ​သည် ငါ​နှင့်​ဝေး​ပါ၏။ ရန်​သူ​နိုင်​သော​ကြောင့် ငါ့​သား​သ​မီး​တို့​သည် ပျောက်​ပျက်​ကြ​ပြီ။ 17ဇိ​အုန်​သ​တို့​သ​မီး​သည် မိ​မိ​လက်​ဝါး​တို့​ကို​ဖြန့်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ပတ်​လည်၌ ရန်​သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သည် သူ​တို့​တွင် ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။ 18ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ ငါ​သည် ပ​ညတ်​တော်​ကို လွန်​ကျူး​မိ​ပြီ။ လူ​မျိုး​ခပ်​သိမ်း​တို့၊ နား​ထောင်၍ ငါ၏​ဒု​က္ခ​ကို ဆင်​ခြင်​ကြ​ပါ​လော့။ ငါ၏​လူ​ပျို​နှင့် အ​ပျို​တို့​ကို သိမ်း​သွား​ကြ​ပြီ။ 19ငါ​သည် ရည်း​စား​တို့​ကို​ခေါ်၍ သူ​တို့​သည် သ​စ္စာ​မ​ရှိ​ကြ။ ငါ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ငါ၏​အ​သက်​ကြီး​သူ​တို့​သည် ကိုယ်​အ​သက်​မွေး​ဖို့ စား​စ​ရာ​ကို​ရှာ​စဉ်​ပင် မြို့​ထဲ၌ အ​သက်​ချုပ်​ကြ​ပြီ။ 20အို ထာ​ဝ​ရ​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပင်​ပန်း​ပါ၏။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ​ပါ၏။ နှ​လုံး​မှောက်​လျက် ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ပြင်​မှာ ဓား​ဘေး​နှင့် တွေ့​ရ​ပါ​ပြီ။ အ​တွင်း၌​လည်း သေ​မင်း​နေ​သ​ကဲ့​သို့ ရှိ​ပါ၏။ 21အ​ကျွန်ုပ် ညည်း​တွား​သံ​ကို​ကြား​သော​သူ​တို့​တွင်၊ နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်၌ ရောက်​သော​အ​မှု​ကို အ​ကျွန်ုပ်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ကြား​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သည်​ကို ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​ချိန်း​ချက်​သော နေ့​ရက်​ကို ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် အ​ကျွန်ုပ်​ကဲ့​သို့​ပင် ဖြစ်​ကြ​ပါ​စေ​သော။ 22သူ​တို့၏ ဒု​စ​ရိုက်​အ​လုံး​စုံ​တို့​ကို စစ်​ကြော​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြစ်​မှား​မိ​သ​မျှ​သော​အ​ပြစ်​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပြု​တော်​မူ​သ​ကဲ့​သို့ သူ​တို့၌ ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ညည်း​တွား​ခြင်း​များ​ပြား၍ စိတ်​ပျက်​လျက်​ရှိ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိမြည်တမ်း 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ