YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 7:1-26

ယောရှု 7:1-26 JBMLE

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။ ယော​ရှု​သည်​လည်း၊ ယေ​ရိ​ခေါ​မြို့​မှ လူ​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် ဗေ​သ​လ​မြို့​အ​ရှေ့၊ ဗေ​သ​ဝင်​မြို့​အ​နား​မှာ​ရှိ​သော အာ​ဣ​မြို့​သို့​သွား၍ ထို​ပြည်​ကို ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​သည်​အ​တိုင်း သူ​တို့​သည်​သွား၍၊ အာ​ဣ​မြို့​ကို ကြည့်​ရှု​ပြီး​လျှင်၊ ယော​ရှု​ထံ​သို့ ပြန်​လာ၍၊ ဤ​လူ​တို့​ကို အ​ကုန်​အ​စင် မ​သွား​ပါ​စေ​နှင့်။ လူ​နှစ်​ထောင် သုံး​ထောင်​လောက်​သွား၍ အာ​ဣ​မြို့​ကို လုပ်​ကြံ​ပါ​စေ။ ထို​မြို့​သို့ သွား​ရာ​တွင် ဤ​လူ​အ​ပေါင်း​တို့​ကို မ​ပင်​ပန်း​ပါ​စေ​နှင့်။ မြို့​သား​တို့​သည်​မ​များ​ပါ​ဟု လျှောက်​သည်​နှင့်​အ​ညီ၊ လူ​သုံး​ထောင်​ခန့်​မျှ ချီ​သွား၍ အာ​ဣ​မြို့​သား​တို့​ရှေ့​မှာ ပြေး​ရ​ကြ၏။ အာ​ဣ​မြို့​သား​တို့​သည် လူ​သုံး​ဆယ်​ခြောက်​ယောက်​တို့​ကို သတ်​ကြ၏။ မြို့​တံ​ခါး​မှ​သည် ရှေ​ဗ​ရိမ်​အ​ရပ်​တိုင်​အောင်​လိုက်၍၊ ထို​အ​ရပ်၌ ဆင်း​ရာ​တွင် လုပ်​ကြံ​ကြ​သော​ကြောင့်၊ လူ​များ​တို့၏​စိတ်​နှ​လုံး​သည် အ​ရည်​ကျို၍ ရေ​ကဲ့​သို့​ဖြစ်​လေ၏။ ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။ ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။ အို​ဘု​ရား​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​တို့​ရှေ့​မှာ ကျော​ကို​လှည့်​ရ​ကြ​သည်​ဖြစ်၍ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြော​ရ​ပါ​မည်​နည်း။ ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထ​လော့။ အ​ဘယ်​ကြောင့် ဝပ်၍​နေ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သော​ကြောင့်၊ ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်၊ ကျော​ကို​လှည့်​ရ​ကြ၏။ ကျိန်​အပ်​သော​သူ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​လျှင် သင်​တို့​နှင့်​အ​တူ ငါ​မ​နေ။ ထ၍ လူ​များ​တို့​ကို သန့်​ရှင်း​စေ​လော့။ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​ဟု ဆင့်​ဆို​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ကျိန်​အပ်​သော​အ​ရာ​သည် သင်​တို့​အ​ထဲ၌​ရှိ၏။ ထို​အ​ရာ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​မီ​တိုင်​အောင် ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်​ကြ။ နက်​ဖြန်​နံ​နက်၌ သင်​တို့​သည် အ​မျိုး​အ​နွယ်​အ​လိုက်​ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား မှတ်​တော်​မူ​သော​အ​ဆွေ​အ​မျိုး​သည်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ​သော​အ​မျိုး​သည်၊ အိမ်​ထောင်​စုံ​နှင့် ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ​သော​အိမ်​ထောင်​သည် လူ​အ​သီး​အ​သီး​ချဉ်း​ကပ်​ရ​ကြ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပါ​လျက် မှတ်​တော်​မူ​သော​သူ​မှ​စ၍၊ သူ၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​ဖျက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လေ​ပြီ​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။ နံ​နက်​စော​စော ယော​ရှု​သည်​ထ၍ ဣ​သ​ရေ​လ​လူ​တို့​ကို အ​မျိုး​အ​နွယ်​အ​လိုက် ဆောင်​ခဲ့​သ​ဖြင့် ယု​ဒ​အ​မျိုး​ကို မှတ်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဇေ​ရိ​အ​ဆွေ​အ​မျိုး​ကို မှတ်​တော်​မူ၏။ ဇေ​ရိ​အ​ဆွေ​အ​မျိုး အိမ်​ထောင်​စုံ အ​သီး​အ​သီး​တို့​ကို ဆောင်​ခဲ့​သ​ဖြင့် ဇာ​ဗ​ဒိ​အိမ်​ထောင်​ကို မှတ်​တော်​မူ၏။ ထို​အိမ်​ထောင် လူ​အ​သီး​အ​သီး​တို့​ကို ဆောင်​ခဲ့​သ​ဖြင့် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော​အာ​ခန်​ကို မှတ်​တော်​မူ၏။ ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊ အာ​ခန်​က၊ ဟုတ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကျွန်​တော်​ပြစ်​မှား​ပါ​ပြီ။ ကျွန်​တော်​ပြု​မိ​သော​အ​မှု​ဟူ​မူ​ကား၊ လု​ယူ​သော​ဥ​စ္စာ​တို့​တွင် မြတ်​သော​ဗာ​ဗု​လုန်​ဝတ်​လုံ၊ ငွေ​နှစ်​ပိဿာ၊ ရွှေ​တုံး​အ​ကျပ်​ငါး​ဆယ်​ကို ကျွန်​တော်​မြင်​သ​ဖြင့်၊ တပ်​မက်၍ သိမ်း​ယူ​မိ​ပါ​ပြီ။ ကျွန်​တော်​တဲ​အ​တွင်း မြေ၌​မြှုပ်​လျက် ငွေ​သည်​အောက်​ဆုံး​ရှိ​ပါ​သည်​ဟု ယော​ရှု​အား ပြန်​လျှောက်​လေ၏။ ထို​အ​ခါ ယော​ရှု​စေ​လွှတ်​သော​သူ​တို့​သည် တဲ​သို့​ပြေး၍ ထို​ဥ​စ္စာ​သည် တဲ​အ​တွင်း​မြေ၌​မြှုပ်​လျက်၊ ငွေ​သည် အောက်​ဆုံး​ရှိ​သည်​ကို တွေ့​သော်၊ တဲ​ထဲ​က​ထုတ်၍ ယော​ရှု​ထံ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​သို့ ဆောင်​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ကြ၏။ ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဇေ​ရ​သား​အာ​ခန်​မှ​စ၍ ထို​ငွေ၊ ဝတ်​လုံ၊ ရွှေ​တုံး၊ သား​သ​မီး၊ သိုး​နွား​မြည်း၊ တဲ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို အာ​ခေါ်​ချိုင့်​သို့​ဆောင်​သွား​ပြီး​မှ၊ ယော​ရှု​က၊ ငါ​တို့​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​သ​နည်း။ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှောင့်​ယှက်​တော်​မူ​မည်​ဟု​ဆို​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ကျောက်​ခဲ​နှင့် ပစ်​ကြ​ပြီး​မှ၊ မီး​ရှို့​ကြ၏။ သူ့​အ​ပေါ်၌ များ​စွာ​သော​ကျောက်​တို့​ကို ပုံ​ထား​ကြ၍ ယ​နေ့​တိုင်​အောင်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အ​မျက်​တော်​အ​ရှိန်​ကို ငြိမ်း​စေ​တော်​မူ၏။ ထို​အ​မှု​ကို​အ​စွဲ​ပြု၍ ထို​ချိုင့်​ကို ယ​နေ့​တိုင်​အောင် အာ​ခေါ်​ချိုင့်​ဟု ခေါ်​ဝေါ်​ကြ​သ​တည်း။