ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှာ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော်မူသည်အကြောင်းကို၊ ယော်ဒန်မြစ် အနောက်ဘက်၌နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာနေသော ခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသောအခါ၊ ရဲရင့်ခြင်းသတ္တိအလျှင်းမကြွင်း၊ ဣသရေလအမျိုးသားတို့ကြောင့် စိတ်ပျက်ကြ၏။ ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ဓားများကိုလုပ်ပြီးလျှင်၊ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တစ်ဖန်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် ကျောက်ဓားများကိုလုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။ ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဖွားမြင်သောသူအပေါင်းတို့မူကား အရေဖျားလှီးမင်္ဂလာကို မခံရကြသေး။ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မီတိုင်အောင် ဣသရေလအမျိုးသားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။ သူတို့ကိုယ်စားဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရသေးသောကြောင့် ယောရှုသည် အရေဖျားလှီးမင်္ဂလာကိုပေးလေ၏။ လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မီတိုင်အောင် တပ်ထဲ၌ နေကြ၏။ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအားမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
ယောရှု 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 5:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ