YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 2

2
ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​နီး​ပြီ။
1ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။ 2မိုက်​မဲ​သော​နေ့၊ မိုး​အုံ့၍ မှောင်​မိုက်​ထူ​ထပ်​သော နေ့​ဖြစ်၏။ နေ​အ​ရုဏ်​သည် တောင်​ထိပ်​တို့​ကို နှံ့​ပြား​သ​ကဲ့​သို့၊ အ​များ​ဖြစ်၍ အား​ကြီး​သော​အ​မျိုး​သည် လာ၏။ ရှေး​ကာ​လ၌ ထို​သို့ မ​ဖြစ်​စ​ဖူး။ နောင်​ကာ​လ အ​စဉ်​အ​ဆက်၌​လည်း မ​ဖြစ်​ရ​လ​တ္တံ့။ 3သူ​တို့​ရှေ့​မှာ မီး​လောင်၏။ နောက်၌​လည်း မီး​လျှံ​တောက်၏။ ရှေ့​တွင်​ရှိ​သော ပြည်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်၏။ နောက်၌​ကား၊ သုတ်​သင်​ပယ်​ရှင်း​သော လွင်​ပြင်​ဖြစ်၏။ အ​ကယ်​စင်​စစ် သူ​တို့​လက်​မှ အ​ဘယ်​အ​ရာ​မျှ မ​လွတ်​ရ။ 4သူ​တို့​သည် အ​ဆင်း​အား​ဖြင့် မြင်း​နှင့်​တူ၍၊ မြင်း​စီး​သူ​ရဲ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။#ဗျာ၊ ၉:၇-၉။ 5ရ​ထား​မြည်​သံ ကဲ့​သို့​လည်း​ကောင်း၊ အ​မှိုက်​ကို လောင်​သော မီး​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း​အ​သံ​မြည်၍ တောင်​ထိပ်​တို့​အ​ပေါ်​မှာ ခုန်​ကြ​လိမ့်​မည်။ စစ်​တိုက်​ခြင်း​ငှာ ခင်း​ကျင်း၍ အား​ကြီး​သော​လူ အ​လုံး​အ​ရင်း​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ 6သူ​တို့​ရှေ့​မှာ လူ​တို့​သည် အ​လွန်​ပင်​ပန်း​သော​စိတ်​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့​သည် မျက်​နှာ​မည်း​ကြ​လိမ့်​မည်။ 7သူ​တို့​သည် သူ​ရဲ​ကဲ့​သို့ ပြေး၍ စစ်​သူ​ရဲ​ကဲ့​သို့ မြို့​ရိုး​ကို တက်​ကြ​လိမ့်​မည်။ လမ်း​မ​လွှဲ​ဘဲ အ​သီး​အ​သီး မိ​မိ​တို့​လမ်း​သို့ တည့်​တည့်​လိုက်​ကြ​လိမ့်​မည်။ 8တစ်​ဦး​ကို​တစ်​ဦး မ​တိုက်​ဘဲ မိ​မိ​လမ်း​သို့ မိ​မိ​လိုက်​ကြ​လိမ့်​မည်။ ဓား​သွား​ကို ထိ​သော်​လည်း ရှ​န​ခြင်း​ကို မ​ခံ​ရ​ကြ။ 9မြို့​ထဲ​မှာ တ​လည်​လည်​ပြေး​လျက်၊ မြို့​ရိုး​ကို​ကျော်​လျက်၊ အိမ်​ပေါ်​သို့ တက်​လျက်၊ သူ​ခိုး​ကဲ့​သို့ ပြတင်း​ပေါက်​ထဲ​သို့ ဝင်​လျက်​ရှိ​ကြ​လိမ့်​မည်။ 10သူ​တို့​ရှေ့​မှာ မြေ​ကြီး​လှုပ်​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း တုန်​ခိုက်​လိမ့်​မည်။ နေ​နှင့် လ​သည် မိုက်၍၊ ကြယ်​တို့​သည် မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။#ဗျာ၊ ၈:၁၂။ 11ထာ​ဝ​ရ​ဘု​ရား​သည်​လည်း မိ​မိ​တပ်​တော်​ရှေ့​မှာ အ​သံ​ကို လွှင့်​တော်​မူ​မည်။ တပ်​တော်​သည်​အ​လွန်​ကြီး​မား၏။ စ​ကား​တော်​အ​တိုင်း စီ​ရင်​သော​သူ​သည် တန်​ခိုး​ကြီး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ကြီး၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော နေ့​ရက်​ဖြစ်၏။ အ​ဘယ်​သူ ခံ​နိုင်​သ​နည်း။#ဗျာ၊ ၆:၁၇။
ထာ​ဝ​ရ​ဘု​ရား၏​ချစ်​သ​နား​ခြင်း
12သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။ 13အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ 14သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရန် ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ဖန် ပြန်​လာ၍ နောင်​တ​ရ​ပြီး​လျှင်၊ ကောင်း​ကြီး​မင်္ဂ​လာ​ကို ထား​ရစ်​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။
15ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား၍ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ 16လူ​များ​တို့​ကို ခေါ်၍ စု​ဝေး​သော ပ​ရိ​သတ်​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ အ​သက်​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ငယ်​သော​သူ​နှင့် နို့​စို့​သော​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ​ကြ​လော့။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ခန်း​ထဲ​က​လည်း​ကောင်း၊ မင်္ဂ​လာ ဆောင်​သ​တို့​သ​မီး​သည် မိ​မိ​ကွယ်၍​နေ​သော ကု​လား​ကာ​တွင်း​က​လည်း​ကောင်း ထွက်​စေ။ 17ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အိမ်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ ငို​ကြွေး​လျက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​များ​ကို သ​နား​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စိုး​ရ၍ အ​မွေ​တော်​လူ​တို့​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့ ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ​စေ။
ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်
18သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို မ​စ​ချင်​သော စိတ်​အား​ကြီး၍ မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ 19အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။ 20မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။
21အို ပြည်​တော်၊ မ​စိုး​ရိမ်​နှင့်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော​အ​မှု​တို့​ကို ပြု​တော်​မူ​မည်။ 22အို တော​သား​ရဲ​တို့၊ မ​စိုး​ရိမ်​ကြ​နှင့်။ တော​မြက်​ပင် ပေါက်​လျက်၊ သစ်​ပင်​တို့​သည် အ​သီး​ကို​သီး​လျက်၊ သင်္ဘော​သ​ဖန်း​ပင်​နှင့် စ​ပျစ်​နွယ်​ပင်​တို့​လည်း အား​ထုတ်​လျက် ရှိ​ကြ၏။ 23အို ဇိ​အုန်​မြို့​သား​တို့၊ ဝမ်း​မြောက်၍ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဓ​မ္မ​ဆ​ရာ​ကို ပေး​တော်​မူ၍ အ​စ​အ​ဦး၌​လည်း အ​ရင်​မိုး​နှင့် နောက်​မိုး​ကို သင်​တို့​အ​ပေါ်​မှာ ရွာ​စေ​တော်​မူ​မည်။ 24ကောက်​နယ်​တ​လင်း​တို့​သည် စ​ပါး​နှင့်​ပြည့်၍၊ အ​သီး​နယ်​ရာ ကျင်း​တို့၌​လည်း စ​ပျစ်​ရည်​နှင့် ဆီ လျှံ​ကြ​လိမ့်​မည်။ 25အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။ 26သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ 27ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​လယ်၌ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား မ​ရှိ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။
ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်
28ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။#တ၊ ၂:၁၇-၂၁။ 29ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ 30မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​ရာ​တည်း​ဟူ​သော သွေး၊ မီး​လျှံ၊ မီး​ခိုး​တိုင်​တို့​ကို ငါ​ပြ​မည်။ 31ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။#မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅ ဗျာ၊ ၆:၁၂-၁၃။ 32ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။#ရော၊ ၁၀:၁၃။

လက်ရှိရွေးချယ်ထားမှု

ယောလ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။