YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 34

34
ဘု​ရား​သ​ခင်၏​တ​ရား​မျှ​တ​ခြင်း
1တစ်​ဖန် ဧ​လိ​ဟု​ဆက်၍ မြွက်​ဆို​သည်​ကား၊ 2အ​ကြား​အ​မြင်​များ​သော ပ​ညာ​ရှိ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။ 3ခံ​တွင်း​သည် အ​စာ​ကို မြည်း​စမ်း​သ​ကဲ့​သို့၊ နား​သည် စ​ကား​ကို စုံ​စမ်း​တတ်၏။ 4ငါ​တို့​သည် ကိုယ်​အ​ဖို့​အ​လို​ငှာ စစ်၍ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​ကုန်​အံ့။ ကောင်း​သော​အ​ရာ​ကို ကိုယ်​တိုင်​အား​ဖြင့် သိ​မှတ်​ကြ​ကုန်​အံ့။ 5ယော​ဘ​က၊ ငါ​ဖြောင့်​မတ်၏။ ဘု​ရား​သ​ခင်​သည် ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ၏။ 6ငါ​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စီး​စေ​ခြင်း​ငှာ မု​သား​ပြော​ရ​မည်​လော။ ငါ​မ​ပြစ်​မှား​သော်​လည်း၊ မ​ပျောက်​နိုင်​သော အ​နာ​ရော​ဂါ​စွဲ​ပါ​သည်​တ​ကား​ဟု ဆို​မိ​ပြီ။ 7ယော​ဘ​နှင့်​တူ​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​လိမ့်​မည်​လော။ ရေ​ကို သောက်​သ​ကဲ့​သို့ ကဲ့​ရဲ့​ခြင်း​ကို​မျို​တတ်၏။ 8မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍၊ လူ​ဆိုး​တို့​နှင့် သွား​လာ​တတ်၏။ 9လူ​သည် ဘု​ရား​သ​ခင်၌ မွေ့​လျော်၍၊ အ​ကျိုး​မ​ရှိ​ဟု ယော​ဘ​သည် ဆို​မိ​ပြီ။ 10သို့​ဖြစ်၍ ဉာဏ်​ကောင်း​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ဒု​စ​ရိုက်​သည် ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ အ​ပြစ်​သည် အ​န​န္တ​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း ဝေး​ပါ​စေ။ 11လူ​ပြု​သော​အ​မှု၏ အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​မည်။ လူ​တိုင်း ကိုယ်​ကျင့်​သော​အ​ကျင့်​နှင့် အ​ထိုက်​အ​လျောက် ခံ​စေ​တော်​မူ​မည်။ 12အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ဒု​စ​ရိုက်​ကို ပြု​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် မ​တ​ရား​သ​ဖြင့် စီ​ရင်​တော်​မ​မူ။ 13မြေ​ကြီး​ကို ဘု​ရား​သ​ခင်၌ အ​ဘယ်​သူ​အပ်​သ​နည်း။ လော​က​ဓာတ်​လုံး​ကို အ​ဘယ်​သူ စီ​ရင်​ပြု​ပြင်​သ​နည်း။ 14ဘု​ရား​သ​ခင်​သည် လူ​ကို​အ​လို​တော်​မ​ရှိ၍၊ လူ၏​အ​သက်​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ 15ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့​သည် ချက်​ချင်း​သေ​ပျောက်၍ မြေ​မှုန့်​သို့ တစ်​ဖန်​ရောက်​ရ​ကြ​လိမ့်​မည်။ 16ယ​ခု​မှာ​သင်​သည် ဉာဏ်​ရှိ​သည်​ဖြစ်၍ ဆင်​ခြင်​ဦး​လော့။ ငါ့​စ​ကား​သံ​ကို နား​ထောင်​ဦး​လော့။ 17တ​ရား​ကို မုန်း​သော​သူ​သည် အ​စိုး​ရ​ရ​မည်​လော။ တ​ရား​သ​ဖြင့် စီ​ရင်၍ တန်​ခိုး​ကြီး​သော​သူ​ကို အ​ပြစ်​တင်​သင့်​သ​လော။ 18သင်​သည်​လူ​ဆိုး​ဖြစ်၏​ဟု ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ သင်​တို့​သည် အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏​ဟု မင်း​တို့​ကို​လည်း​ကောင်း ဆို​သင့်​သ​လော။ 19ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ 20တစ်​ခ​ဏ​ချင်း​တွင် သ​တ္တ​ဝါ​တို့​သည် သေ​တတ်​ကြ၏။ သန်း​ခေါင်​အ​ချိန်၌ လူ​မျိုး​တစ်​စုံ​တစ်​မျိုး တုန်​လှုပ်​ကွယ်​ပျောက်၍၊ အား​ကြီး​သော​သူ​သော်​လည်း အ​ဘယ်​သူ​မျှ​မ​ပြု​ဘဲ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​တတ်၏။ 21အ​ကြောင်း​မူ​ကား၊ လူ​သွား​ရာ​လမ်း​တို့​ကို ဘု​ရား​သ​ခင်​ကြည့်​ရှု၍၊ လူ​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။ 22မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၏​ပုန်း​ရှောင်​ရာ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ 23ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ အ​ထပ်​ထပ်​စစ်​ကြော​တော်​မူ​စ​ရာ အ​ကြောင်း​မ​ရှိ။ 24အား​ကြီး​သော​သူ​တို့​ကို​ပင် မ​စစ်​ကြော​ဘဲ ချိုး​ဖျက်၍၊ သူ​တို့​အ​ရာ၌ အ​ခြား​သော​သူ​ကို ခန့်​ထား​တော်​မူ၏။ 25သို့​ဖြစ်၍ သူ​တို့​ပြု​သ​မျှ​ကို သိ​တော်​မူ​သ​ဖြင့်၊ ည​မှောင်​မိုက်​ကို ရောက်​စေ၍ ဖျက်​ဆီး​တော်​မူ၏။ 26သူ​တို့​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ၏။ 27အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ကြ၏။ ပြု​တော်​မူ​သော​အ​မှု​တို့​ကို အ​လျှင်း​မ​ဆင်​ခြင်​ကြ။ 28ထို​သို့​ပြု​သော​ကြောင့် ဆင်း​ရဲ​သား​ငို​ကြွေး​သံ​သည် ရှေ့​တော်​သို့ တက်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ၏ ငို​ကြွေး​သံ​ကို ကြား​တော်​မူ​ရ၏။ 29ဘု​ရား​သ​ခင်​သည် ချမ်း​သာ​ပေး​တော်​မူ​လျှင် အ​ဘယ်​သူ​နှောင့်​ယှက်​နိုင်​သ​နည်း။ မျက်​နှာ​လွှဲ​တော်​မူ​လျှင် လူ​တစ်​မျိုး​လုံး​ဖြစ်​စေ၊ တစ်​ယောက်​တည်း​ဖြစ်​စေ၊ အ​ဘယ်​သူ​သည် မျက်​နှာ​တော်​ကို ဖူး​မြင်​နိုင်​သ​နည်း။ 30ထို​သို့ ဆင်း​ရဲ​သား​တို့​ကို မ​မှား​ယွင်း​စေ​မည်​အ​ကြောင်း အ​ဓ​မ္မ​မင်း​တို့​ကို နှိမ့်​ချ​တော်​မူ၏။
31အ​ကျွန်ုပ်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ နောက်​တစ်​ဖန် မ​ပြစ်​မှား​ပါ။ 32အ​ကျွန်ုပ် နား​မ​လည်​သော​အ​ရာ​ကို သွန်​သင်​တော်​မူ​ပါ။ ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် မ​ပြု​ဘဲ​နေ​ပါ​မည်​ဟု ဘု​ရား​သ​ခင်​အား လျှောက်​သင့်​သည် မ​ဟုတ်​လော။ 33သင်​သည် ငြင်း​ပယ်​သည်​ဖြစ်​စေ၊ ရွေး​ယူ​သည်​ဖြစ်​စေ၊ သင်၏​အ​လို​သို့​သာ ဘု​ရား​သ​ခင်​လိုက်၍၊ အ​လို​တော်​သို့​မ​လိုက်​ဘဲ အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​ရ​မည်​လော။ သို့​ဖြစ်​လျှင် နား​လည်​သည်​အ​တိုင်း ပြော​ပါ။ 34ဉာဏ်​ကောင်း​သော သူ​တို့​သည် စ​ကား​ပြော​ပါ​စေ။ ပ​ညာ​ရှိ​သော သူ​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ။ 35ယော​ဘ​သည် နား​မ​လည်​ဘဲ ပြော​မိ​ပြီ။ သူ​ပြော​သော​စ​ကား​သည် ပ​ညာ​စ​ကား​မ​ဟုတ်။ 36ယော​ဘ​သည် မ​တ​ရား​သော​သူ​ကဲ့​သို့ ပြန်​ပြော​တတ်​သော​ကြောင့်၊ အ​ဆုံး​တိုင်​အောင် စုံ​စမ်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ 37ဒု​စ​ရိုက်​ကို ပြု​သည်​သာ​မ​က၊ ပုန်​ကန်​သော အ​ပြစ်​ရှိ​သေး၏။ ငါ​တို့​တွင် အောင်​ပွဲ​ကို​ခံ၍၊ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​စ​ကား​နှင့် များ​စွာ​ပြော​တတ်​သည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ