YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 33

33
ယော​ဘ​ကို​ဧ​လိ​ဟု​ဆုံး​မ​ခြင်း
1သို့​ဖြစ်၍ အို​ယော​ဘ၊ ငါ​မြွက်​ဆို​သော​စ​ကား အ​လုံး​စုံ​တို့​ကို နား​ထောင်​နာ​ယူ​ပါ​လော့။ 2ငါ​သည် ယ​ခု​နှုတ်​ကို​ဖွင့်၍ လျှာ​နှင့်​မြွက်​ဆို​သော​အ​ခါ၊ 3ငါ​သ​ဘော​ဖြောင့်​သည်​နှင့်​အ​ညီ ငါ့​စ​ကား​ဖြောင့်​လိမ့်​မည်။ ငါ့​နှုတ်​သည် ရှင်း​လင်း​သော​ပ​ညာ​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။ 4ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ငါ့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင်၏ အ​သက်​တော်​သည် ငါ့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ 5သင်​သည်​တတ်​နိုင်​လျှင် ငါ့​ကို​ပြန်​ပြော​လော့။ ကိုယ်​စ​ကား​ကို ပြင်​ဆင်​လော့။ ကြိုး​စား​လော့။ 6ဘု​ရား​သ​ခင့်​ရှေ့​မှာ ငါ​သည်​သင်​နှင့်​တူ၏။ ငါ​သည်​လည်း မြေ​မှုန့်​ဖြင့် ဖန်​ဆင်း​တော်​မူ​ရာ​ဖြစ်၏။ 7သင်​သည် ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း ငါ၌ ကြောက်​မက်​ဖွယ်​သော အ​ရာ​မ​ရှိ။ သင့်​အ​ပေါ်​မှာ ငါ​သည် လေး​သော​လက်​ကို​မ​တင်။ 8အ​ကယ်​စင်​စစ် သင့်​စ​ကား​သံ​ကို ငါ​ကြား​သည်​အ​တိုင်း သင်​မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊ 9ငါ​သည် စင်​ကြယ်​သော​သ​ဘော​ရှိ၏။ ပြစ်​မှား​ခြင်း​ကို မ​ပြု​တတ်။ ငါ၌ အ​ပြစ်​မ​ရှိ။ သန့်​ရှင်း​ခြင်း​ရှိ၏။ 10ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​တင်​ခွင့်​ကို ရှာ​တော်​မူ၏။ ငါ့​ကို ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ၏။ 11ငါ့​ကို ထိတ်​ခတ်​တော်​မူ၏။ ငါ​ထွက်​ရာ​လမ်း​ရှိ​သ​မျှ​တို့​ကို စောင့်​တော်​မူ၏​ဟု ဆို​မိ​ပြီ။ 12ထို​သို့​ဆို​သော် မှား​ပြီ။ ငါ​ပြန်​ပြော​သော​စ​ကား​ဟူ​မူ​ကား၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​ထက်​ကြီး​မြတ်​တော်​မူ၏။ 13ဘု​ရား​သ​ခင်​နှင့် အ​ဘယ်​ကြောင့် ဆန့်​ကျင်​ဘက်​ပြု​သ​နည်း။ ပြု​တော်​မူ​သော​အ​မှု​တို့၏ အ​ကြောင်း​ကို ပြ​တော်​မ​မူ။
14ဘု​ရား​သ​ခင်​သည် တစ်​ကြိမ်​မိန့်​မြွက်​တော်​မူ၏။ လူ​မ​ရိပ်​မိ​လျှင် နှစ်​ကြိမ်​တိုင်​အောင် မိန့်​မြွက်​တော်​မူ၏။ 15လူ​သည် အိပ်​ရာ​ပေါ်​မှာ​ငိုက်​လျက် အိပ်​ပျော်​လျက်​နေ​သော​အ​ခါ အိပ်​မက်​မြင်၍၊ ည​ရူ​ပါ​ရုံ​ကို ခံ​ရ​သော​အား​ဖြင့်၊ 16ဘု​ရား​သ​ခင်​သည် လူ၏​နား​ကို​ဖွင့်၍ ဆုံး​မ​ပေး​တော်​မူ​တတ်၏။ 17ထို​သို့ လူ​သည်​မိ​မိ​အ​ကြံ​ကို စွန့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာန်​မာ​န​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ 18သူ၏​အ​သက်​ကို သင်္ချိုင်း​တွင်း​မှ ကွယ်​ကာ၍၊ ဓား​ဘေး​ဖြင့် မ​သေ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ၏။
19လူ​သည် အိပ်​ရာ​ပေါ်​မှာ နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ၍၊ အ​ရိုး​ရှိ​သ​မျှ​တို့​သည် ပြင်း​ထန်​စွာ ကိုက်​ခဲ​သ​ဖြင့်၊ 20မုန့်​နှင့်​မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို သူ၏​စိတ်​ဝိ​ညာဉ်​သည် ရွံ​ရှာ၏။ 21အ​သား​အ​ရေ ပိန်​လျော့​ကွယ်​ပျောက်၍၊ မ​ထင်​ရှား​ဖူး​သော အ​ရိုး​တို့​လည်း ပေါ်​ကြ၏။ 22အ​သက်​ဝိ​ညာဉ်​သည် သင်္ချိုင်း​တွင်း​နား​သို့​လည်း​ကောင်း၊ ဖျက်​ဆီး​သော တ​မန်​လက်​သို့​လည်း​ကောင်း ရောက်​လု​ပြီ။ 23သို့​ရာ​တွင် လူ​တို့​အား​တ​ရား​လမ်း​ကို ပြ​စေ​ခြင်း​ငှာ၊ တစ်​ထောင်​တွင် အထွတ်​ဖြစ်၍၊ တ​ရား​စ​ကား​ကို ပြန်​တတ်​သော​တ​မန်​ရှိ​လျှင်၊ 24ဘု​ရား​သ​ခင်​က၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ထို​သူ​ကို​မ​ဆင်း​စေ​ဘဲ ကယ်​တင်​လော့။ ရွေး​ရာ​အ​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု က​ရု​ဏာ​စိတ်​ရှိ၍ မိန့်​တော်​မူ​သော​အား​ဖြင့်၊ 25ထို​သူ​သည် သူ​ငယ်​ထက် အ​သား​အ​ရေ​နု​ထွား၍ ပျို​သော​အ​သက်​နှင့် တစ်​ဖန်​ပြည့်​စုံ​လိမ့်​မည်။ 26ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ကျေး​ဇူး​တော်​ကို ခံ​ရ​သ​ဖြင့်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို လူ​တို့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​တတ်၏။ 27သူ​က​လည်း၊ ငါ​သည် ပြစ်​မှား​ပါ​ပြီ။ မှန်​သော​တ​ရား​ကို မှောက်​ပါ​ပြီ။ သို့​သော်​လည်း ကိုယ်​ခံ​ထိုက်​သော အ​ပြစ်​ကို​မ​ခံ​ရ​ဘဲ၊ 28သင်္ချိုင်း​တွင်း​ထဲ​သို့ ငါ့​ကို​မ​ဆင်း​စေ​ဘဲ ကယ်​တင်​တော်​မူ​သ​ဖြင့်၊ ငါ့​အ​သက်​သည် မှောင်​မိုက်​နှင့်​လွတ်​လျက်​ရှိ၏​ဟု လူ​တို့​တွင် သီ​ချင်း​ဆို​ရ​လိမ့်​မည်။ 29ထို​သို့​ဘု​ရား​သ​ခင်​သည် လူ​တို့၌ ရံ​ခါ​ရံ​ခါ​စီ​ရင်​တော်​မူ​သ​ဖြင့်၊ 30သင်္ချိုင်း​တွင်း​မှ​နုတ်​ယူ၍၊ အ​သက်​ရှင်​သော​သူ​တို့၏​အ​လင်း​နှင့် လင်း​စေ​တော်​မူ၏။
31အို​ယော​ဘ၊ ငါ့​စ​ကား​ကို သ​တိ​နှင့် နား​ထောင်​လော့။ တိတ်​ဆိတ်​စွာ​နေ​လော့။ ငါ​ပြော​ပါ​မည်။ 32သို့​သော်​လည်း ပြော​စ​ရာ​ရှိ​လျှင် ပြန်​ပြော​လော့။ သင့်​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ၊ ငါ​အ​လို​ရှိ​သော​ကြောင့် စ​ကား​ပြော​လော့။ 33ပြော​စ​ရာ​မ​ရှိ​လျှင်၊ တိတ်​ဆိတ်​စွာ​နေ၍ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ပ​ညာ​ကို ငါ​သွန်​သင်​ပါ​မည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။