YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 31

31
1ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။ 2သို့​မ​ဟုတ် အ​ထက်​အ​ရပ်​က ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကျေး​ဇူး​ကို​လည်း​ကောင်း၊ မြင့်​ရာ​အ​ရပ်​က အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း ပေး​တော်​မူ​မည်​နည်း။ 3ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။ 4ဘု​ရား​သ​ခင်​သည် ငါ​သွား​ရာ​လမ်း​တို့​ကို မြင်​တော်​မူ​သည် မ​ဟုတ်​လော။ ငါ့​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​တော်​မူ​သည်​မ​ဟုတ်​လော။ 5မု​သား​လမ်း​သို့ ငါ​လိုက်​မိ​သော်​လည်း​ကောင်း၊ လှည့်​စား​ခြင်း​ငှာ ငါ​ပြေး​မိ​သော်​လည်း​ကောင်း၊ 6မှန်​သော​ချိန်​ခွင်၌ ငါ့​ကို​ချိန်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် ငါ​ဖြောင့်​မတ်​ခြင်း​ကို သိ​တော်​မူ​ပါ​စေ။ 7ငါ​သည် လမ်း​လွှဲ​မိ​သော်​လည်း​ကောင်း၊ ငါ့​စိတ်​နှ​လုံး​သည် ငါ့​မျက်​စိ​အ​လို​သို့ လိုက်​မိ​သော်​လည်း​ကောင်း၊ ငါ့​လက်၌ အ​ညစ်​အ​ကြေး​ကပ်​မိ​သော်​လည်း​ကောင်း၊ 8ငါ​ကြဲ​သော မျိုး​စေ့၏​အ​သီး​အ​နှံ​ကို သူ​တစ်​ပါး​စား​ပါ​စေ။ ငါ့​ပျိုး​ပင်​များ​ကို သူ​တစ်​ပါး​နုတ်​ပါ​စေ။ 9သူ့​မ​ယား​ကို ငါ​တပ်​မက်​မိ​သော်​လည်း​ကောင်း၊ အိမ်​နီး​ချင်း​တံ​ခါး​နား​မှာ ငါ​ချောင်း​မိ​သော်​လည်း​ကောင်း၊ 10ငါ့​မ​ယား​သည် သူ​တစ်​ပါး​ထံ၌ ကြိတ်​ဆုံ​ကြိတ်​ရ​ပါ​စေ။ သူ​တစ်​ပါး​သည် ငါ့​မ​ယား​ကို ရှုတ်​ချ​ပါ​စေ။ 11ငါ​သည်​ထို​သို့​ပြု​မိ​လျှင် အ​ပြစ်​ကြီး၏။ ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။ 12ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။ 13ငါ့​ကျွန်​နှင့် ငါ့​ကျွန်​မ​သည် ငါ​နှင့်​တ​ရား​တွေ့​စ​ရာ​အ​မှု ရှိ​သော​အ​ခါ၊ ငါ​နား​မ​ထောင်​ဘဲ​နေ​မိ​လျှင်၊ 14ဘု​ရား​သ​ခင်​ထ​တော်​မူ​သော​အ​ခါ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ စစ်​ကြော​တော်​မူ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​လျှောက်​ရ​မည်​နည်း။ 15ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သည် သူ့​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော​ဘု​ရား​သည် ငါ​တို့​နှစ်​ယောက်​ကို အ​မိ​ဝမ်း​ထဲ၌ ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။
16ငါ​သည် ဆင်း​ရဲ​သား​တောင့်​တ​သော​အ​ရာ​ကို မ​ပေး​ဘဲ​နေ​ဖူး​သ​လော။ မု​ဆိုး​မ​မျက်​စိ​ကို ပျက်​စေ​ခြင်း​ငှာ ပြု​ဖူး​သ​လော။ 17မိ​ဘ​မ​ရှိ​သော​သူ​တို့​အား စား​စ​ရာ​ကို​မ​မျှ​ဘဲ၊ ငါ​တစ်​ယောက်​တည်း စား​ဖူး​သ​လော။ 18ဆင်း​ရဲ​သား​သည် အ​ဘ​ထံ​မှာ​နေ​သ​ကဲ့​သို့၊ ငါ့​အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ငါ​နှင့်​အ​တူ ကျွေး​မွေး​ခြင်း​ကို ခံ​ပြီ။ ငါ​သည် ဖွား​မြင်​သော​နေ့​မှ​စ၍ မု​ဆိုး​မ​ကို မ​စ​ပြီ။ 19အ​ဝတ်​မ​ရှိ​သော​ကြောင့် သေ​ခြင်း​သို့​ရောက်​သော သူ​တစ်​စုံ​တစ်​ယောက်​နှင့်၊ ခြုံ​စ​ရာ​မ​ရှိ​ဘဲ ဆင်း​ရဲ​စွာ​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို ငါ​မြင်၍၊ 20သူ၏​ခါး​သည် ငါ့​ကို​ကောင်း​ချီး​မ​ပေး။ ငါ့​သိုး​မွေး​အား​ဖြင့် မ​နွေး​ဘဲ​နေ​သော်​လည်း​ကောင်း၊ 21ရုံး​တော်​တွင် ငါ့​ဘက်၌ နေ​သော​မင်း​ကို ငါ​သည်​မြင်၍၊ မိ​ဘ​မ​ရှိ​သော​သူ​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊ 22ငါ့​လက်​မောင်း​သည် ပ​ခုံး​က​ကျ​ပါ​စေ။ ငါ့​လက်​ရိုး ကျိုး​ပါ​စေ။ 23ငါ​သည် ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ခြင်း​ဘေး​ကို ကြောက်​ရွံ့၍၊ တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ပြစ်​မှား​ဝံ့​ဘဲ​နေ​ပါ​ပြီ။ 24ငါ​သည်​ရွှေ​ကို​ကိုး​စား၍ ရွှေ​စင်​အား၊ သင်​သည် ငါ​ခို​လှုံ​ရာ​ဖြစ်၏​ဟု ဆို​မိ​သော်​လည်း​ကောင်း၊ 25ငါ၌​စည်း​စိမ်​ကြီး၍ များ​စွာ​သော ဥ​စ္စာ​ရ​တတ်​သော​ကြောင့်၊ ငါ​ဝါ​ကြွား​ဝမ်း​မြောက် မိ​သော်​လည်း​ကောင်း၊ 26ရောင်​ခြည်​ထွက်​သော​နေ၊ ထွန်း​လင်း​လျက်​သွား​သော​လ​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ 27ငါ့​စိတ်​နှ​လုံး​သည် တိတ်​ဆိတ်​စွာ​နူး​ညွတ်၍ ငါ့​လက်​ကို ငါ​နမ်း​မိ​သော်​လည်း​ကောင်း၊ 28ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။ အ​ထက်​အ​ရပ်၌ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ရာ​ရောက်၏။ 29ငါ့​ကို​မုန်း​သော​သူ​သည် ပျက်​စီး​သော​အ​ခါ ငါ​ဝမ်း​မြောက်​သ​လော။ သူ၌​ဘေး​ရောက်​သော​အ​ခါ၊ ငါ​ဝါ​ကြွား​သ​လော။ 30ငါ​သည် သူ့​အ​သက်​ကို ကျိန်​ဆဲ၍၊ ကိုယ်​နှုတ်၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး။ 31ငါ့​အိမ်​သူ​အိမ်​သား​တို့​က၊ အ​ဘယ်​သူ​သည် ငါ​တို့​သ​ခင်၏ အ​မဲ​သား​ကို​တောင့်​တ၍ မ​ဝ​ဘဲ​နေ​ရ​သ​နည်း​ဟု မ​ဆို​တတ်​သ​လော။ 32ဧည့်​သည်​သည် လမ်း၌​ည​ကို မ​လွန်​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခ​ရီး​သွား​သော​သူ​တို့​အား ကိုယ်​တံ​ခါး​ကို ဖွင့်​ထား​ပြီ။ 33ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။ 34ထို​သို့​ပြု​မိ​လျှင်၊ ကြီး​သော​ပ​ရိ​သတ်ရှေ့​မှာ ငါ့​မျက်​နှာ​ပျက်​ပါ​စေ။ လူ​အ​မျိုး​မျိုး​တို့​သည် ကဲ့​ရဲ့၍ ငါ့​အ​ရှက်​ကွဲ​ပါ​စေ။ အိမ်​ပြင်​သို့​မ​ထွက်​ဘဲ တိတ်​ဆိတ်​စွာ နေ​ရ​ပါ​စေ။ 35တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။ ငါ့​လက်​မှတ်​ကို ငါ​ပေး​မည်။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​စစ်​ကြော​တော်​မူ​ပါ​စေ။ ငါ့​တ​ရား​တွေ့​ဘက်​သည် စာ​ရေး​သား​ထား​ပါ​စေ။ 36အ​ကယ်​စင်​စစ် ထို​စာ​ကို ပ​ခုံး​ပေါ်​မှာ ငါ​တင်​ထား​ပါ​မည်။ ဗောင်း​ကဲ့​သို့ ဆောင်း​ပါ​မည်။ 37ငါ​သည် ကိုယ်​အ​ပြု​အ​မူ​အ​လုံး​စုံ​တို့​ကို ဖော်​ပြ​ပါ​မည်။ မင်း​ကဲ့​သို့ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​မည်။ 38ငါ့​မြေ​သည် ငါ့​ကို​အ​ပြစ်​တင်​သ​ဖြင့်၊ အော်​ဟစ်၍ လည်​ချောင်း​တို့​သည် တ​ညီ​တည်း​မြည်​တမ်း​သော်​လည်း​ကောင်း၊ 39စ​ရိတ်​မ​ကုန်​ဘဲ မြေ​အ​သီး​အ​နှံ​ကို​ငါ​စား၍ မြေ​ဆိုင်​သော​သူ​တို့​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊ 40စ​ပါး​ပင်​အ​တွက် ဆူး​ပင်​ပေါက်​ပါ​စေ။ မု​ယော​ပင်​အ​တွက် ဗော​ရှ​ပင်​ပေါက်​ပါ​စေ​ဟု မြွက်​ဆို၏။ ယော​ဘ​မြွက်​ဆို​သော​စ​ကား​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ