YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 16

16
မိ​မိ​အ​ပြစ်​ကင်း​ခြင်း
1ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ 2ထို​သို့​သော​စ​ကား​များ​တို့​ကို ငါ​ကြား​ဖူး​ပြီ။ သင်​တို့​ရှိ​သ​မျှ​သည် နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သော်​လည်း၊ ပင်​ပန်း​စေ​သော​သူ ဖြစ်​ကြ​ပါ​သည်​တ​ကား။ 3အ​ချည်း​နှီး​သော​စ​ကား မ​ကုန်​နိုင်​သ​လော။ သင်​သည် စ​ကား​တုံ့​ပြန်​ပြော​ခြင်း​ငှာ အ​ဘယ်​ကြောင့် ရဲ​ရင့်​သ​နည်း။ 4သင်​တို့​ပြော​သ​ကဲ့​သို့ ငါ​သည်​လည်း​ပြော​နိုင်၏။ သင်​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​လျှင်၊ ငါ​သည် သင်​တို့​တစ်​ဘက်​က စ​ကား​များ​ကို ပုံ၍​ထား​နိုင်၏။ ခေါင်း​ကို​လည်း ခါ​နိုင်၏။ 5ထို​သို့​ငါ​သည်​မ​ပြု​ဘဲ၊ သင်​တို့​ကို ငါ့​စ​ကား​နှင့် မ​စ​မည်။ အ​ချည်း​နှီး​သော​စ​ကား​ကို ငါ​ချုပ်​တည်း​မည်။ 6ယ​ခု​မှာ​ငါ​သည် ပြော​သော်​လည်း မ​သက်​သာ၊ မ​ပြော​ဘဲ​နေ​လျှင်​လည်း ခြား​နား​ခြင်း​မ​ရှိ။ 7ဘု​ရား​သ​ခင်​သည် ငါ့​ကို​ပင်​ပန်း​စေ​တော်​မူ​ပြီ။ ငါ့​အိမ်​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။ 8ငါ့​ကို ခြေ​ချင်း​ခတ်​တော်​မူ၍၊ ထို​ခြေ​ချင်း​သည် ငါ့​တစ်​ဘက်​က သက်​သေ​ခံ၏။ ငါ​ပိန်​ကြုံ​ခြင်း​အ​ရာ​သည်​လည်း ငါ့​တစ်​ဘက်​က​ထ၍ မျက်​နှာ​ချင်း​ဆိုင်​လျက် သက်​သေ​ခံ၏။ 9အ​မျက်​တော်​သည် ငါ့​ကို​အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်၍ ညှဉ်း​ဆဲ​တတ်၏။ ငါ့​အ​ပေါ်​မှာ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​တော်​မူ၏။ ငါ့​ရန်​သူ​သည် ငါ့​ကို မျက်​စောင်း​ထိုး၏။ 10သူ​တစ်​ပါး​တို့​သည် ငါ့​ကို​ပါး​စပ်​ဟ​ကြ၏။ အ​ရှက်​ခွဲ၍ ပါး​ကို​ပုတ်​ကြ၏။ ငါ့​တစ်​ဘက်​က တ​ညီ​တ​ညွတ်​တည်း စု​ဝေး​ကြ၏။ 11ဘု​ရား​သ​ခင်​သည် ငါ့​ကို မ​တ​ရား​သော​သူ​တို့​တွင် ချုပ်​ထား​တော်​မူ​ပြီ။ လူ​ဆိုး​တို့၏​လက်​သို့ အပ်​တော်​မူ​ပြီ။ 12ငါ​သည်​ငြိမ်​ဝပ်​လျက်​နေ​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို ချိုး​တော်​မူ၏။ လည်​ပင်း​ကို​ကိုင်၍ အ​ပိုင်း​ပိုင်း​ပြတ်​စေ​ခြင်း​ငှာ လှုပ်​တော်​မူ၏။ ငါ့​ကို ပစ်စရာစက်သွင်း​တော်​မူ၏။ 13မြား​တော်​တို့​သည် ငါ့​ကို​ဝိုင်း၍ က​ရု​ဏာ​တော်​မ​ရှိ​ဘဲ၊ ငါ့​ကျောက်​ကပ်​ကို စူး​စေ​တော်​မူ၏။ ငါ့​သည်း​ခြေ​အ​ရည်​ကို မြေ​ပေါ်၌ သွန်း​တော်​မူ၏။ 14ငါ့​ကို အ​ထပ်​ထပ်​ဆွဲ​ဖြတ်၍၊ သူ​ရဲ​ကဲ့​သို့ ငါ့​ကို ဟုန်း​ဟုန်း​တိုက်​လာ​တော်​မူ၏။ 15ငါ​သည် ကိုယ်​အ​ရေ​ပေါ်​မှာ လျှော်​တေ​အ​ဝတ်​ကို​ချုပ်၍ ကိုယ်​ဦး​ချို​ကို ရွှံ့​နှင့်​လူး​ပြီ။ 16ငို​ခြင်း​အား​ဖြင့် ငါ့​မျက်​နှာ​ပျက်​လျက်၊ ငါ့​မျက်​ခမ်း​အ​ပေါ်​မှာ သေ​ခြင်း​အ​ရိပ် လွှမ်း​မိုး​လျက်​ရှိ၏။ 17သို့​သော်​လည်း ငါ့​လက်၌ မ​တ​ရား​သော​အ​မှု မ​ရှိ။ ငါ​ပြု​သော​ပ​တ္ထ​နာ​သည် သန့်​ရှင်း၏။ 18အို​မြေ​ကြီး၊ ငါ့​အ​သွေး​ကို​ဖုံး၍ မ​ထား​ပါ​နှင့်။ ငါ​အော်​ဟစ်​ခြင်း​အ​သံ​ကို သင်၌​မ​နေ​စေ​နှင့်။ 19ဤ​အ​မှု၌ ငါ့​သက်​သေ​သည် ကောင်း​ကင်​ပေါ်​မှာ​ရှိ၏။ 20ငါ့​သ​ဘော​ကို သိ​သော​သူ​သည် မြင့်​သော​အ​ရပ်၌​ရှိ၏။ ငါ့​အ​ဆွေ​ခင်​ပွန်း​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​ရည်​ကျ​လျက်​နေ၏။ 21လူ​သည် မိ​မိ​အ​သိ​အ​ကျွမ်း​နှင့်​ဆွေး​နွေး​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​နှင့် ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။ 22နှစ်​ပေါင်း​မ​ကြာ​မ​မြင့်​မီ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​လမ်း​သို့ ငါ​လိုက်​သွား​ရ​တော့​မည်။

လက်ရှိရွေးချယ်ထားမှု

ယောဘ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။