YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 15

15
ဧ​လိ​ဖတ်​မြွက်​ဆို​ခြင်း
1တစ်​ဖန် တေ​မန်​အ​မျိုး​သား​ဧ​လိ​ဖတ် မြွက်​ဆို​သည်​ကား၊ 2ပ​ညာ​ရှိ​သော​သူ​သည် လေ​နှင့်​တူ​သော အ​ချည်း​နှီး​စ​ကား​ကို ပြော​သင့်​သ​လော။ မိ​မိ​ဝမ်း​ကို အ​ရှေ့​လေ​နှင့် ပြည့်​စေ​သင့်​သ​လော။ 3အ​ကျိုး​မဲ့​သော​စ​ကား၊ ကျေး​ဇူး​မ​ပြု​နိုင်​သော​စ​ကား​နှင့် ဆွေး​နွေး​သင့်​သ​လော။ 4သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​အ​ကျင့်၌ အ​ကျိုး​မ​ရှိ​ဟု ဆို​လို၏။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ရာ​ဝတ်​ကို ဆီး​တား​တတ်၏။ 5သင်​သည် ကိုယ်​နှုတ်​ဖြင့် ကိုယ်​အ​ပြစ်​ကို​ဖော်​ပြ၏။ ပ​ရိ​ယာယ်​ပြု​သော သူ၏​စ​ကား​ကို​သုံး​တတ်၏။ 6ငါ​သည် သင့်​ကို​အ​ပြစ်​မ​တင်၊ သင့်​နှုတ်​သည် သင့်​ကို​အ​ပြစ်​တင်၏။ သင့်​နှုတ်​ခမ်း​တို့​သည် သင့်​တစ်​ဖက်၌ သက်​သေ​ခံ၏။ 7သင်​သည် အ​ဦး​ဆုံး​ဖွား​သော​လူ ဖြစ်​သ​လော။ တောင်​များ​ကို မ​ဖန်​ဆင်း​မီ သင့်​ကို​ဖန်​ဆင်း​သ​လော။ 8ဘု​ရား​သ​ခင်​နှင့် တိတ်​ဆိတ်​စွာ တိုင်​ပင်​ဖူး​သ​လော။ ပ​ညာ​ကို ကိုယ်၌​အ​ကုန်​အ​စင် သိမ်း​ထား​ပြီ​လော။ 9ငါ​တို့​မ​သိ၊ သင်​သိ​သော​အ​ရာ မည်​မျှ​ရှိ​သ​နည်း။ ငါ​တို့၌​မ​ပါ၊ သင်​နား​လည်​သော​အ​ရာ မည်​မျှ​ရှိ​သ​နည်း။ 10သင့်​အ​ဘ​ထက် အ​သက်​ကြီး​သော​သူ၊ ဆံ​ပင်​ဖြူ​သော​သူ​တို့​သည် ငါ​တို့​တွင်​ရှိ​ကြ၏။ 11သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သာ​ခြင်း​အ​ကြောင်း နည်း​သ​လော။ သင်၌ ဝှက်​ထား​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ 12ကိုယ်​အ​လို​သို့​လိုက်၍ အ​ဘယ်​ကြောင့် လွှဲ​သွား​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​စောင်း​ထိုး​သ​နည်း။ 13သင်၏​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၍၊ နှုတ်​နှင့်​ပြစ်​မှား​ပေ၏။ 14လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ သန့်​ရှင်း​နိုင်​သ​နည်း။ မိန်း​မ​ဖွား​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဖြောင့်​မတ်​နိုင်​သ​နည်း။ 15ဘု​ရား​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​ပင် ယုံ​တော်​မ​မူ။ ကောင်း​ကင်​ဘုံ​သော်​လည်း ရှေ့​တော်၌ မ​စင်​ကြယ်။ 16သို့​ဖြစ်​လျှင်၊ ရေ​ကို​သောက်​သ​ကဲ့​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သောက်​လျက်၊ ဆိုး​ညစ်​ရွံ​ရှာ​ဖွယ်​သော လူ​သ​တ္တ​ဝါ၌ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။
17-19ငါ့​စ​ကား​ကို နား​ထောင်​လော့။ တစ်​ပါး​အ​မျိုး​သား​နှင့် မ​ရော​နှော၊ ကိုယ်​အ​မျိုး​တစ်​မျိုး​တည်း​လျှင် မြေ​ကို​ပိုင်​သော ပ​ညာ​ရှိ​တို့​သည်၊ ဘိုး​ဘေး​လက်​ထက်​မှ​စ၍ မ​ထိမ်​မ​ဝှက်၊ ပြော​ဖူး​သော​အ​ရာ၊ ငါ့​ကိုယ်​တိုင် မြင်​သော​အ​ရာ​ကို ငါ​ပြ​သ​မည်။ 20ဆိုး​သော​သူ​သည် တစ်​သက်​လုံး ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၏။ ညှဉ်း​ဆဲ​တတ်​သော​သူ​သည် မိ​မိ​အ​သက်​အ​ပိုင်း​အ​ခြား​ကို မ​သိ​ရ။ 21သူ​သည် ကြောက်​မက်​ဖွယ်​သော​အ​သံ​ကို ကြား​လျက်​နေ​ရ၏။ စည်း​စိမ်​ကို ခံ​စား​စဉ်​တွင်၊ ဖျက်​ဆီး​သော​သူ​သည် လာ​တတ်၏။ 22မှောင်​မိုက်​ထဲ​မှာ ဘေး​လွတ်​မည်​ဟု မျှော်​လင့်​စ​ရာ​မ​ရှိ။ ဓား​သည် သူ့​ကို ချောင်း​မြောင်း​လျက်​ရှိ၏။ 23စား​စ​ရာ​ကို ရှာ၍ လှည့်​လည်​ရ၏။ မိ​မိ​အ​ဖို့ မှောင်​မိုက်​ကာ​လ​သည် အ​သင့်​ရှိ​သည်​ကို သိ၏။ 24ဆင်း​ရဲ​ခြင်း​ဒု​က္ခ​နှင့် နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​တို့​သည် ထို​သူ​ကို ခြောက်​တတ်၏။ စစ်​တိုက်​ခြင်း​ငှာ အ​သင့်​နေ​သော ရှင်​ဘု​ရင်​ကဲ့​သို့ သူ့​ကို​နိုင်​တတ်၏။ 25အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင် တစ်​ဖက်​က​နေ၍ ကိုယ်​ကို​ခိုင်​ခံ့​စေ၏။ 26လည်​ပင်း​ကို​ဆန့်​လျက်၊ ထူ​သော​ဒိုင်း​ပု​နှင့် ဆီး​ကာ​လျက်၊ ဘု​ရား​သ​ခင်​ကို တိုက်​အံ့​သော​ငှာ ပြေး၏။ 27မိ​မိ​မျက်​နှာ​ကို ဆူ​ဖြိုး​ခြင်း​နှင့်​ဖုံး​အုပ်၍၊ ဝမ်း​ပျဉ်း​အ​သား​သည်​လည်း ဆူ​ဖြိုး​လျက် အ​တွန့်​တွန့်​နေ၏။ 28သို့​သော်​လည်း လူ​ဆိတ်​ညံ​သော​မြို့၊ အ​ဘယ်​သူ​မျှ​မ​နေ။ လဲ​လု​သော​အိမ်​တို့၌ သူ​သည်​နေ​ရ၏။ 29ငွေ​မ​ရ​တတ်​ရ၊ သူ၏​စည်း​စိမ် မ​တည်​ရ။ သူ၏ ဥ​စ္စာ​ပ​စ္စည်း​သည် မြေ​ကြီး​ပေါ်​မှာ မ​ပြန့်​ပွား​ရ။ 30သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။ 31အ​ဘယ်​သူ​မျှ လှည့်​စား​ခြင်း​ကို​ခံ၍ အ​န​တ္တ​ကို မ​ခို​လှုံ​စေ​နှင့်။ သို့​မ​ဟုတ် အ​န​တ္တ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ 32အ​ချိန်​မ​စေ့​မီ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။ သူ၏​အ​ခက်​အ​လက်​သည် မ​စိမ်း​ရာ။ 33စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ မိ​မိ၌ မ​မှည့်​သော​အ​သီး​ကို​လည်း​ကောင်း၊ သံ​လွင်​ပင်​ကဲ့​သို့ မိ​မိ​အ​ပွင့်​ကို​လည်း​ကောင်း ချွေ​ရ​လိမ့်​မည်။ 34အ​ဓ​မ္မ​လူ၏​အ​သင်း​သည် ဆိတ်​ညံ​လိမ့်​မည်။ တံ​စိုး​စား​သော​သူ​တို့၏ နေ​ရာ​သည် မီး​လောင်​လိမ့်​မည်။ 35ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍ အ​န​တ္တ​ကို​ဖွား​တတ်​ကြ၏။ သူ​တို့​ဝမ်း​ထဲ၌ မု​သား​ကို ကိုယ်​ဝန်​ဆောင်​တတ်​သည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ